ပီရူးနိုင်ငံခြားရေးဝန်ကြီး အန်နာ ဆယ်စီလီယာ ဂျယ်ဗာစီဟာ တနှစ်မပြည့်ခင် နိုဝင်ဘာ ၆ ရက်မှာ ရာထူးကနေ နုတ်ထွက်သွားပြီလို့ သိရပါတယ်။
လွန်ခဲ့တဲ့အပတ်က ပီရူးသမ္မတ ဒီနာဘိုလူအာတာရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျယ်ဗာစီရဲ့ ကိုင်တွယ်မှုကို မေးခွန်းထုတ်တာမျိုးတွေ ပေါ်ပေါက်လာတာကြောင့် ဖြစ်ပါတယ်။
ဂျယ်ဗာစီရဲ့ နုတ်ထွက်စာထဲမှာ ဘိုလူအာတာရဲ့ အမေရိကန်ခရီးစဉ်အကြောင်း ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဘိုလူအာတာ အကြား တရားဝင်အစည်းအဝေးတရပ် စီစဉ်ပေးဖို့ရာ ပျက်ကွက်ခဲ့တာကြောင့် ဂျယ်ဗာစီအပေါ် ဖိအားတွေ ကျလာခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတို အိုတာရိုလာက နိုင်ငံခြားရေးဝန်ကြီးရဲ့ နုတ်ထွက်မှုကို အတည်ပြုခဲ့ပါတယ်။
အမေရိကန်ခရီးစဉ်အပေါ်မှာ အိုလာရိုလာက အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိပေမဲ့လည်း ဂျယ်ဗာစီရဲ့နေရာမှာ အစားထိုးမှုကို အင်္ဂါနေ့အတွင်း ကြေညာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး ဂူစတာဗို မက်ဇာ ကွာဒရာ ကလည်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
သံအမတ်ကြီးရဲ့ နုတ်ထွက်စာထဲမှာတော့ သမ္မတခရီးစဉ်အပေါ် ရည်ညွှန်းဖော်ပြခဲ့သလို ဒါကိုပြင်ဆင်ဖို့အတွက် သူ့မှာလည်း တာဝန်ရှိကြောင်း ရေးသားထားပါတယ်။
ဂျယ်ဗာစီရဲ့ နုတ်ထွက်မှုကို နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က မှတ်ချက်ပေးဖို့အတွက် ငြင်းဆန်ထားပါတယ်။
Source/Photo-Reuters