ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ လှေဆိပ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီက တနော်ကျွန်းကျေးရွာ ကမ်းနားပိုင်းလှေဆိပ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ကြီးစ ထိမှန်မှုကြောင့် တနော်ကျွန်းရွာ ကမ်းနားပိုင်းနေ ကိုအောင်ကို၊ ကိုကျော်လင်းထွန်း၊ ကိုကျော်မြင့်၊ ကိုအောင်ဆန်းဦးတို့ ၄ ဦး နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အနီးအနားဝန်းကျင်က အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
“အခုက စစ်တောင်းတံတားဟောင်းကို ပိတ်ထားတော့ သိမ်ဇရပ်ဘက်သွားချင်ရင် လှေနဲ့ကူးရတာလေ။ လက်နက်ကြီးကျသံ အကျယ်ကြီးကြားရတယ်၊ သေတဲ့ထဲက တယောက်က ရာအိမ်မှူး၊ ဒဏ်ရာရတဲ့ ၆ ယောက်ထဲက ၂ ယောက်က သိမ်ဇရပ်က” လို့ ရွာခံတဦးက ပြောပါတယ်။
ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။