Home
မြန်မာသတင်း
ရှမ်းမြောက်တိုက်ပွဲတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများ ပြန်ခေါ်ရေး ထိုင်းဒုရဲချုပ် မြန်မာပြည်သို့ သွားရောက် 
DVB
·
November 7, 2023
Thai Vice Chief Police_07112023

ရှမ်းပြည်မြောက်ပိုင်းဒေသက တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ထိုင်းနိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာပြန်ခေါ်နိုင်ဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်နဲ့ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ညွှန်မှူးလည်းဖြစ်တဲ့ ဒုရဲချုပ် စူလချေ့ ဟတ်ဖန်းဟာ ရန်ကုန်ရှိ ထိုင်းသံမှူး၊ ထိုင်းကောင်စစ်ဝန်၊ ထိုင်း DSI (အထူး မှုခင်း ဖော်ထုတ် နှိမ်နင်းရေးတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့အတူ နိုဝင်ဘာ ၇ ရက် ဒီမနက် ၁၀ နာရီက မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းနဲ့  ရန်ကုန်မြို့  လဝကရုံးချုပ်ခန်းမမှာ တွေ့ဆုံပြီး လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦး ကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွင်း ပိတ်မိနေတဲ့ မိမိနိုင်ငံသားတွေကို  ကူညီစောင့်ရှောက်ပြီး ဘေးအန္တရာယ်ကင်းစွာ ပြန်ပို့ပေးဖို့ ထိုင်းဘက်က တောင်းဆိုထားတဲ့အပေါ်မှာ မြန်မာနိုင်ငံကလည်း အထူး အလေးထားဆောင်ရွက်နေကြောင်း၊ အဆိုပါ ထိုင်း ၁၆၂ ဦးဟာ မြန်မာနိုင်ငံထဲကို တရား မဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတာဖြစ်ပေမဲ့ နှစ်နိုင်ငံ လဝက ရဲတပ်ဖွဲ့အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ သူတို့ကို တရားဥပဒေအရ အရေးယူမှာမဟုတ်ဘဲ အမြန်ဆုံးပြန်ပို့ပေးမယ်လို့  မြန်မာလဝက ဘက်က ပြောကြောင်း ထိုင်းဒုရဲချုပ်က သတင်းထောက်ကို ပြောပါတယ်။

ထိုင်းဒုရဲချုပ်နဲ့ အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာလည်း မြန်မာလဝက ရဲတပ်ဖွဲ့နဲ့ သီးသန့်တွေ့ဆုံပြီး ထိုင်းနိုင်ငံသားအားလုံး ပြန်ပို့မယ့် ခရီးစဉ်နဲ့  အပြန်ခရီးမှာ တိုက်ပွဲတွေကြားကနေ  ဘေးကင်းလုံခြုံရေး၊ လေယာဉ်စီစဉ်ရေးတွေ ထပ်မံဆွေးနွေးမှာဖြစ်တယ်၊ ဘာ့ကြောင့်လဲဆို ပိတ်မိနေတဲ့ ထိုင်းတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ နာမကျန်းသူတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။ 

အခုတခေါက်ခရီးစဉ်မှာ ကိုယ်တိုင်ရောက်လာရတာဟာ မိမိနိုင်ငံသားတွေ အမြန်ဆုံး လွတ်မြောက်ဖို့ဖြစ်သလို တိုက်ပွဲတွင်း ပိတ်မိနေသူတို့ရဲ့ မိဘဆွေမျိုးတွေရဲ့ ပူပန်စိတ်ကို လျှော့ချဖို့ ၊ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ယုံကြည်စိတ်ချစေဖို့ ဖြစ်တယ်၊ ဒါ့အပြင်  နှစ်နိုင်ငံကြား လူကုန်ကူးမှု ပပျောက်ရေး၊  Call Center အွန်လိုင်းလိမ်လည်မှု ဂိုဏ်းတွေနှိမ်နင်းရေးနဲ့  နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ နှိမ်နင်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ပါ ဆွေးနွေးခဲ့တယ်၊ မြန်မာလဝက ညွှန်ချုပ်နဲ့လည်း ကိုယ်ပိုင်လက်ကိုင်ဖုန်းနံပါတ်တွေ လဲလှယ်ခဲ့ကြတယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။

ထိုင်းဒုရဲချုပ်နဲ့ အဖွဲ့ဟာ မနေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ သံမှူးတွေနဲ့ အရင်တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို မြန်မာစစ်တပ်က ခေါ်ယူစောင့်ရှေက်ပေးထားပြီး နောက်ထပ်ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၆၂ ဦး ကျန်ရှိနေသေးတယ်၊ သူတို့ကိုလည်း ဘေးကင်းစွာ ခေါ်ထုတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ပြောထားတယ်လို့ ဆိုပါတယ်။

ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးဟာ လူကုန်ကူးခံရပြီး လောက်ကိုင်မြို့ တရားမဝင်လုပ်ငန်းတွေမှာ အဓမ္မလုပ်အားခိုင်းစေခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံနေရတာရှိလို့ ထိုင်း အစိုးရအနေနဲ့ ကယ်တင်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် နဲ့ ၂၅ ရက်ကတည်းက အကူအညီတောင်းထားခဲ့ပေမယ့် အောက်တိုဘာ ၂၇ မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးသွားရတာ ဖြစ်ပါတယ်။ 

Source: ThaiRath

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024