မက္ကဆီကိုနိုင်ငံရဲ့ အာကာပူလ်ကိုကမ်းရိုးတန်းမြို့ကို ဟာရီကိန်းမုန်တိုင်း အိုတစ်စ် ဝင်ရောက်တိုက်ခတ်ပြီးနောက် နိုဝင်ဘာ ၆ ရက်မှာ ဆန္ဒပြသူတွေက ပြန်လည်တည်ဆောက်ရေးအတွက် အရေးပေါ်အကူအညီတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်မှာ ဆန္ဒထုတ်ဖော်မယ့်သူတွေက ယာဉ်တန်းတခုနဲ့အတူ အာကာပူလ်ကိုမြို့က ထွက်ခွာလာခဲ့ကြပြီး မက္ကဆီကိုစီးတီးမြို့မှာရှိတဲ့ အစိုးရနန်းတော်ကို တနင်္လာနေ့မှာ ရောက်လာခဲ့ကြပါတယ်။
မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်ဝဲလ် လိုပက်ဇ် အိုဘရာဒေါရဲ့ အစိုးရအနေနဲ့ ဆိပ်ကမ်းမြို့မှာ ပြန်လည်ထူထောင်မှု စတင်နိုင်ဖို့အတွက် အရင်းအမြစ်တွေ အမြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ကုန်ကျနိုင်တဲ့ အာကာပူလ်ကိုမြို့ ပြန်လည်ကောင်းမွန်ရေး အစီအစဉ်ကို သမ္မတ လိုပက်ဇ် အိုဘရာဒေါဘက်က ထုတ်ဖော်ကြေညာခဲ့ပြီး ခရစ္စမတ်လောက်မှာ ပြောင်းလဲမှုတခု မြင်တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
တချို့ပညာရှင်တွေကတော့ အလုံးစုံ နာလန်ထူဖို့အတွက် နှစ်ပေါင်းများစွာ ကြာမြင့်သွားမှာကို စိုးရိမ်မှုရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက အိုတစ်စ် ဟာရီကိန်းမုန်တိုင်းရဲ့ အာကာပူလ်ကိုမြို့ကို ဝင်ရောက်မှုအတွင်း နေအိမ်တွေ၊ ဟိုတယ်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေပါ ပျက်စီးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်း လူဦးရေ ၉ သိန်းအထိရှိတဲ့ ဒီမြို့မှာ ဆက်သွယ်ရေးစနစ် ပျက်စီးကာ ယာယီ ပြတ်တောက်ခဲ့ပါတယ်။
Source/Photo-Reuters