ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း(တောင်ပေါ်လမ်းသစ်)၊ ရင်ကွဲတောင်ကုန်းဆင်းအလွန် သီလရှင်ကျောင်းအနီးမှာ နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီလောက်က Express မှန်လုံယာဥ်တစ်စီး မီးလောင်မှုခဲ့တယ်လို့ သင်္ဃန်းညီနောင် မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ မှန်လုံယာဉ်မှာ ခရီးသည် ၁၀ ဦးလောက် စီးနင်းလိုက်ပါလာပြီး ကားမီးလောင်စဉ် အချိန်မီဆင်းပြေးနိုင်ခဲ့တာကြောင့် ယာဥ်ပေါ်ပါခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သင်္ဃန်းညီနောင် မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ သိရတယ်။ ယာဥ်မောင်းက သိသိချင်း ကားကို လမ်းဘေးထိုးရပ်ပြီး ခရီးသည်တွေကို အမြန်ဆင်းခိုင်းခဲ့လို့ ထိခိုက်ဒဏ်ရာရသူတော့မ ရှိပါဘူး။”
မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ အတက်အဆင်းလမ်း ရှည်တာကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး ခရီးသည်ကား မီးလောင်ကျွမ်းမှုဖြစ်ပွားတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။
အလားတူ နိုဝင်ဘာ ၄ ရက် ညနေပိုင်းကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်း(တောင်ပေါ်လမ်းသစ်)၊ မိုင်တိုင် ၁၅၅ မိုင်နဲ့1 ၁၅၄မိုင်အကြား၊ နတ်စင်ကွေ့ ကုန်းဆင်းမှာ တွဲကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီမှာ မြဝတီက ဆင်းလာတဲ့ ၂၄ ဘီး တွဲကားဟာ အာရှလမ်း နတ်စင်ကွေ့အဆင်းမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် တွဲကားပေါ်မှာ တင်ဆောင်လာတဲ့ စက္ကူပုံးတွေ ပျက်စီးခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
ယာဉ်မောင်းဖြစ်သူကတော့ လက်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြဝတီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ယာဉ်မောင်းဟာ မကွေးတိုင်း၊ စလင်းမြို့မှာ နေထိုင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကူညီပေးခဲ့တဲ့ ပရဟိတသမားက “ကားက နတ်စင်ကွေ့အဆင်းမှာ တိမ်းမှောက်သွားတာ၊ ကားပေါ်က A4 စာရွက်ပုံးတွေလည်း ပျက်စီးသွားတယ်။ ကားသမားကတော့ လက်မှာ ဒဏ်ရာရသွားတယ်။ ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာမရဘူး” လို့ ပြောပါတယ်။
အာရှလမ်း နတ်စင်ကွေ့အဆင်းဟာ မကြာခဏ ယာဉ်တိမ်းမှောက်မှုဖြစ်တဲ့ နေရာတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကလည်း နတ်စင်ကွေ့မှာ တွဲကားတိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်တဦး သေဆုံးခဲ့ပါသေးတယ်။