Home
မြန်မာသတင်း
နမ့်ခမ်းမြို့၌ တိုက်ပွဲပြင်းထန်၊ ဘာသာရေးအဆောက်အဦနှင့်  လူနေအိမ်များ ကျည်ထိမှန်ပျက်စီး 
DVB
·
November 7, 2023
MahaMuNi pagoda_07112023
MahaMuNi pagoda 01_07112023

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ပေါ်မှာ နိုဝင်ဘာ ၆ ရက် မနေ့ညက TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး ဘာသာရေးအဆောက်အဦတွေရော လူနေအိမ်တွေပါ ထိခိုက် ပျက်စီးသွားတယ်လို့  နမ့်ခမ်းဒေသခံက ပြောပါတယ်။ 

မနေ့ညနေ ၃ နာရီလောက်က စတင်ပစ်ခတ်သံတွေကြားပြီး မြို့လယ်ကောင် မဟာမုနိဘုရားကြီးမှာ တိုက်ပွဲဖြစ်ပွားတာလို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“မြန်မာတပ်က ဘုရားကျောင်းထဲဝင်ပြီးနေရာယူတယ်။ ပလောင်တပ်က အပြင်ကနေ ဝိုင်းထားပြီး အထဲကို ပစ်တယ်။ တညလုံး ပစ်ခတ်သံတွေ ကြားတယ်။ ကနေ့မနက် ၆ နာရီလောက်မှ အသံတွေ ငြိမ်သွားတာ။ အဲဒါသွားကြည့်တော့ ဘုရားကျောင်းရှေ့ဆိုင်းဘုတ် ကျည်ဆန်မှန်ပြီး ပျက်စီးတယ်။ ဓမ္မာရုံက သံဃာတွေ စာဖြေတဲ့ အဆောင်လည်း ပျက်စီးတယ်။ စေတီပုထိုးတွေလည်း ကျည်ပေါက်ရာတွေနဲ့။ အဲဒီဘုရားကျောင်းနား မိုခမ်းရပ်ကွက်နဲ့ ပေါက်နေရပ်ကွက်က  နေအိမ်တွေ၊ အုတ်နံရံတွေ  ခေါင်မိုးတွေ ပျက်စီးတယ်။ လမ်းလည်း ပျက်စီးတယ်။”

အဆိုပါ ဓမ္မာရုံဟာ နမ့်ခမ်းမြို့သူမြို့သားတွေ အထွတ်အမြတ်ထားတဲ့နေရာတစ်ခု ဖြစ်တာကြောင့် အခုလို ဘာသာရေးအဆောက်အအုံကို အကာအကွယ်ယူပြီး ပစ်ခတ်တာ နမ့်ခမ်းပြည်သူတွေကို စော်ကားတာနဲ့တူတူပဲလို့ ဒေသခံက ပြောပါတယ်။ 

“သူတို့ တိုက်ချင်တိုက်ကြပါ။ ပလောင်တပ်က တောင်ပေါ်မှာ ရှိတယ်။ နမ့်ခမ်းမှာ အဓိကကျတဲ့ စကစတပ်က မြို့စွန် စခန်းသစ်ကုန်းမှာ ရှိတယ်လေ။ ဘာကြောင့်သူတို့နေရာမှာမတိုက်ဘဲ ဘုရား ကျောင်းတွေ လူနေအိမ်ဝင်းတွေထဲ လာတိုက်ကြသလဲ။ အိမ်ရှင်တွေ စစ်ဘေးရှောင်နေတုန်း သူများ အိမ်တံခါးကို ရိုက်ချိုးတယ်။ အစားအစာတွေ ယူစားတယ်။ နှစ်ဘက်စလုံးပဲ နမ့်ခမ်းမြို့ကို ပျက်စီးအောင် တမင်လုပ်နေတာ။ ပြည်သူတွေကို စော်ကားတာလို့ ယူဆတယ်။”

ပစ်ခတ်တိုက်ခိုက်မှုတွေမှာ  နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးသလို အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မနေ့ညက ပစ်ခတ်မှုကြောင့် ပေါက်နေရပ်ကွက်က လူနေအိမ် ၃ လုံး၊ ကား ၃ စီး ကျည်ထိမှန်ပျက်စီးသွားကာ လူ တယောက်လည်းထိသွားတယ်လို့ တခြားဒေသခံတစ်ဦးကလည်း  ပြောပါတယ်။

“တခြားရပ်ကွက်လည်း နေအိမ်ပျက်စီးတယ်။ စာရင်းမသိရသေးဘူး။  ကနေ့မနက်မှာ ပလောင်တပ်က အဲဒီဘုရားကျောင်းကို သိမ်းလိုက်တယ်။ မြန်မာစစ်တပ်ဘက်က အများကြီး သေတယ်။ ပလောင်တပ်ဘက်ကပဲ အဲဒီအလောင်းတွေကို သဲတင်ကား ၁ စီး ၊ အာရာ ဖတ်ကား ၁ စီးနဲ့ သယ်ထုတ်သွားတာတွေ့တယ်။”

လတ်တလော နမ့်ခမ်းမြို့ထဲမှာတော့ မြို့သူမြို့သား အများစုဟာ မူဆယ်မြို့နယ်ဘက်နဲ့  ရွှေလီမြစ် တဘက်ကမ်းရွာတွေဆီအပြင် ကချင်နယ်စပ် မံဝန်းကြီးရွာဘက်တွေပါ ထွက်ပြေး တိမ်းရှောင်နေရပြီး  ခန့်မှန်းခြေ ၃၀၀၀ ကျော်မယ်လို့  ဒေသခံက ခန့်မှန်း ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024