ကြွေလွင့်ခဲ့ပြီဖြစ်တဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီးကြီး အော်ဒရေ ဟက်ပ်ဘန်းရဲ့ နာမည်ကြီးရုပ်ရှင် - Roman Holiday ထဲက နောက်ဆုံးဇာတ်ဝင်ခန်းထဲမှာ ဝတ်ဆင်ခဲ့တဲ့ ပုလဲလည်ဆွဲကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က ခရစ္စတီလေလံပွဲမှာ ရောင်းချဖို့ ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ အဆိုပါ ရုပ်ရှင်ကားကတော့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အော်စကာဆု၊ အကောင်းဆုံးဇာတ်ညွှန်းနဲ့ ဝတ်စုံအော်စကာဆုတွေပါ ရရှိခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ကား ဖြစ်ခဲ့ပါတယ်။
ဂန္ထဝင်အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကား တကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ အော်ဒရေ ဟက်ပ်ဘန်းက တော်၀င်မင်းသမီးလေးတပါးအနေနဲ့ သဘာဝကျကျ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး မင်းသားကြီး ဂရီဂိုရီပက်ခ်ကတော့ သတင်းထောက်တယောက် အနေနဲ့ အတွဲညီညီ ပါဝင်ထားခဲ့ကြတာပါ။
ရောမမြို့ကို အလည်အပတ်ရောက်ရှိချိန် တာ၀န်ဝတ္တရားတွေနဲ့ ဖိအားတွေကို မခံနိုင်တဲ့အတွက် ထွက်ပြေးခဲ့တဲ့ မင်းသမီးလေး အန်းဟာ အမေရိကန်သတင်းထောက်ဖြစ်သူ ဂျိူးနဲ့ တွေ့မိရာမှာ မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိကြတဲ့ ကြည်နူးစရာ၊ အချစ်ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သရုပ်ဆောင်ထားကြတဲ့ ဒီကားကတော့ မင်းသမီး အော်ဒရေဟက်ပ်ဘန်းကို အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုတွေနဲ့အတူ စတားတယောက်အဖြစ် ဟောလိဝုဒ်စင်မြင့်ကို ရောက်ရှိစေခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကနေ ကွယ်လွန်ချိန်ထိတိုင်အောင် တစတစအောင်မြင်မှုအရှိန် မြှင့်လာခဲ့တဲ့ အော်ဒရေ ဟက်ပ်ဘန်းကို အမေရိကန် ရုပ်ရှင်အင်စတီကျူက ဂန္တဝင်ဟောလိဝုဒ် ရုပ်ရှင်လောကမှာ တတိယမြောက်အကြီးကျယ်ဆုံး အမျိုးသမီးအနုပညာရှင် အဖြစ် သတ်မှတ်ခဲ့ပြီးတော့ နိုင်ငံတကာ အကောင်းဆုံးဝတ်စားဆင်ယင်မှု ကျော်ကြားသူတွေ စာရင်းမှာပါ ထည့်သွင်းဖော်ပြခံခဲ့ရတာပါ။
လတ်တလောမှာတော့ Roman Holiday ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သူ့ရဲ့ ပုလဲလည်ဆွဲကို လေလံတင်ရောင်းချရာကနေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
Source/Photo - Reuters