တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ရွာမှာ နိုဝင်ဘာ ၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်သံတချို့ ထွက်ပေါ်ပြီးနောက် အမျိုးသား ၃ ဦး အဖမ်းခံရကြောင်း ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၄ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ကံပေါက်ရွာအဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က သေနတ်ပစ်ခတ်သံ ၅ ချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အဖမ်းခံရသူ အမျိုးသား ၃ ဦးမှာ ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်ကဖြစ်ပြီး သေနတ်သံကြားတဲ့ အတွက် အရက်ဆိုင်အတွင်း ဝင်ပြေးစဥ် အဆိုပါအရက်ဆိုင်ကို စစ်ကောင်စီတပ်က လာဝိုင်းပြီး ဖမ်းသွားခဲ့ကြောင်း ဖြစ်စဥ်အနီး မျက်မြင်တွေ့ခဲ့သူ ကံပေါက်ရွာသားတဦးက ပြောပါတယ်။
“အိမ်စီးကား၊ စစ်ကားတွေနဲ့ အရက်ဆိုင်မှာ ဝင်ဖမ်းသွားတယ်။ တညလုံး စစ်ကားတွေ ရွာထဲပတ်သွားနေတာပဲ။”
နိုဝင်ဘာ ၄ ရက် ညက အမျိုးသား ၃ ဦး အဖမ်းခံရပြီးနောက် ကင်းပတ်နေတဲ့ စစ်ကောင်စီကားက ကံပေါက်စျေးအနီးမှာတွေ့တဲ့ ဘေးတွဲယာဥ်မောင်းနဲ့ ယာဥ်ပေါ်ပါသူ တချို့ကိုလည်း လမ်းမပေါ်မှာ ဒူးထောက်စစ်ဆေးခဲ့ပြီး ဖမ်းခေါ်သွားတာတော့ မရှိဘူးလို့ သိရပါတယ်။
နိုဝင်ဘာ ၅ ရက်မှာတော့ ကံပေါက်ကျေးရွာအတွင်း ဒေသခံတွေ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ဒေသခံတွေက ဆိုပါတယ်။
စက်တင်ဘာလ နောက်ဆုံးအပတ်က ကံပေါက်ရွာအဝင် စစ်ဆေးရေးဂိတ်မှာ ဗုံးချ တိုက်ခိုက်ခံရပြီးနောက် ဘေးတွဲယာဥ်တွေကို မောင်းနှင်ခွင့်မပြုဘဲ ဆင်းတွန်းကာ လမ်းလျှောက်ရကြောင်း ဘေးတွဲယာဥ်မောင်းတွေက ပြောပါတယ်။
ကံပေါက်ရွာကို စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် လုံးဝပိတ်ထားတာလည်း ၁၀ လကျော်နေပြီ ဖြစ်ပါတယ်။