Home
မြန်မာသတင်း
မုံးကိုး တမြို့လုံးနီးပါး တရုတ်နယ်စပ်အနီးကို တိမ်းရှောင်
DVB
·
November 6, 2023
MoneKoe_06112023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ မုံးကိုးမြို့ တမြို့လုံးနီးပါး နိုဝင်ဘာ ၄ ရက်ညကစပြီး တရုတ်နယ်စပ်အနီးကို တိမ်းရှောင်နေကြရတယ်လို့ တိမ်းရှောင်နေသူတွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “ကျနော်တို့ ဒီမှာ နှစ်ည၊ သုံးည ရှိပြီ ဒီမှာ။ မနေ့ညအထိ လာနေကြတုန်းပဲ။ ရွာကလူကြီးတွေ ကိုယ်တိုင် ခဏရှောင်ကြဖို့ ပြောလို့ အကုန်လုံး ဒီ လယ်ကွင်း၊ တရုတ်နယ်စပ် ရေချောင်းနား လယ်ကွင်းပြင်မှာ ရှောင်နေကြတယ်” လို့ ပြောပါတယ်။

စစ်ရှောင်လူဦးရေ ခန့်မှန်းခြေ ၂၀၀၀၀ လောက်ရှိနေတာကြောင့် အိမ်သာတွေမလောက်လို့ အိမ်သာတွေ လုပ်နေကြတယ်လို့ သူကပြောပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးတွေနဲ့ ဆီ၊ ဆားတွေ အဓိကလိုနေတယ်လို့လည်း ဆိုပါတယ်။

မနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာတော့ စစ်ကောင်စီဘက်ကနေ စစ်ရှောင်အမျိုးသားတွေ အားလုံးကို ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နေပေမဲ့ စစ်ရှောင်အမျိုးသားတွေ အားလုံးကို ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

“ကြံခင်းမှာ ဒေသခံ ၃ ယောက်‌ကို ခေါ်သွားတာ။ သူတို့ကိုလည်း ပြန်လွှတ်ပေးပြီ။ ဘာမှ မဖြစ်ပါဘူး။ မုံးကိုး လယ်ကွင်းပြင်မှာ လူတွေကြီးပဲ ဖြစ်သွားပြီ။”

မြောက်ပိုင်းမဟာမိတ်ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့နေ့ကစပြီး မုံးကိုးမြို့နယ်အတွင်း ‌နေထိုင်တဲ့ ပြည်သူတွေ တိုက်ပွဲလွတ်ရာ တရွာပြီးတရွာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

မုံးကိုးမြို့အနီးနားက မန်လုံ၊ မန်ဘတ်၊ ပိန်းဆိုင်၊ နားပုံ၊ မန်ကောင်းလုံ စတဲ့ရွာ ၅ ရွာက ပြည်သူ ၅၃၆ ဦးနဲ့ မုံးကိုးမြို့ခံတွေ အားလုံးနီးပါး တရုတ်နယ်စပ်ချောင်းဘေးက လယ်ကွင်းမှာ သွားရောက် ရှောင်တိမ်းနေကြရတာပါ။

နိုဝင်ဘာ ၄ ရက် ည ၇ နာရီလောက်ကစပြီး မုံးကိုးရှိ ဗျူဟာကုန်းကို ကိုးကန့် MNDAA ဘက်က ဒရုန်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း နေ့တိုင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024