တောင်ငူထောင်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကို သူ့ရဲ့ဇနီးဖြစ်သူနဲ့ ထောင်အာဏာပိုင်တွေက တွေ့ခွင့်ပေးခဲ့တယ်လို့ တရားရေးအသိုက်အဝန်းနဲ့ နီးစပ်သူထံက သိရပါတယ်။
နီးစပ်သူတဦးက “မိသားစု၀င်အကုန်လုံးနဲ့ တွေ့ရတာတော့မဟုတ်ဘူး။ သမ္မတကတော် အန်တီချိုနဲ့ သမ္မတကြီးကို ပေးတွေ့တယ်။ ဒါတောင် ကန့်သတ်ချက်တွေ အမျိုးမျိုးနဲ့ပါ။ ကျန်းမာရေးကောင်းတယ်လို့တော့ သိရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစု၀င်တွေနဲ့ ထောင်၀င်စာတွေ့ခွင့် ခွင့်ပြုပြီးနောက် ခုလို နိုင်ငံတော်သမ္မတကို မိသားစု၀င်နဲ့ပေးတွေ့တာဖြစ်ပေမဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လက်ရှိအချိန်အထိ သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
“အန်တီနဲ့ ခုထိ တွေ့ခွင့်မရသေးဘူး။ တွေ့ခွင့်ပြုဖို့ မပြုဖို့ တစ်စုံတစ်ရာ အကြောင်းကြားဘာညာလည်း မရှိဘူးလို့ ပြောပါတယ်။
စစ်ကောင်စီဟာ မဲစာရင်းအကြောင်းပြကာ အာဏာသိမ်းပြီးနောက် ဘာအပြစ်မှမရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပုဒ်မမျိုးစုံတပ် ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်မှု၊ ပြည်သူတွေ သဘာဝဘေးကြုံတဲ့အခါသုံးဖို့ ရဟတ်ယာဉ်ဝယ်ပေးမှု၊ နေထိုင်တဲ့ခြံဝင်းထဲရှိ လုံခြုံရေးအစောင့်ထံမှာ စကားပြောစက်တွေ့မှုစတဲ့ အမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် စုစုပေါင်း ၂၇ နှစ် အမိန့်ချထားပါတယ်။
လက်ရှိအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ သီးသန့်နေရာတစ်ခုမှာ ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။