Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာအချင်းချင်း စကားများ ရန်ဖြစ်ပြီး ၁ ဦး သေဆုံး
DVB
·
November 6, 2023
Myanmar Workers Murder Malaysia_06112023

မလေးရှားနိုင်ငံ၊ ဆန်ဂိုင်းလာလန်ပြည်နယ်ရှိ ပရိဘောဂစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၃ ဦးဟာ နိုဝင်ဘာ ၃ ရက် ညပိုင်းက အရက်သောက်နေရင်း စကားများ ရန်ဖြစ်ရာမှာ ၁ ဦး သေဆုံးခဲ့တယ်လို့ The New Straits Times မလေးရှားသတင်းမှာ ဖော်ပြပါတယ်။

ဆန်ဂိုင်းလာလန်ပြည်နယ်ရှိ ပ‌ရိဘောဂစက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအချင်းချင်း ဓားထိုးမှုဖြစ်တယ်ဆိုတဲ့ သတင်းရရှိတာကြောင့် မလေးရှားရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၃ နှစ်အရွယ် မြန်မာတဦး သွေးအိုင်ထဲမှာ လဲကျနေတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ဆေးရုံပို့‌ဆောင်ဖို့လုပ်ပေမဲ့ သေဆုံးခဲ့ပါတယ်။

မျက်မြင်‌သက်သေတွေ ပြောစကားအရ သူငယ်ချင်းအချင်းချင်း အရက်သောက်ပြီး စကားများကြရာက မြန်မာအလုပ်သမား ၂ ဦးက အသက် ၂၃ နှစ်အရွယ် မြန်မာအလုပ်သမားတဦးကို ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးသွားတယ်လို့ သတင်းမှာ ဖော်ပြထားတယ်။

မလေးရှားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားဟာ ဝမ်းဗိုက်ဘယ်ဘက်ခြမ်းမှာ ချွန်ထက်တဲ့အရာနဲ့ထိုးသွင်းခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ မြန်မာအလုပ်သမား ၂ ဦးကိုလည်း နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှာ သက်သေခံဓားနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ မြန်မာအလုပ်သမား ၂ ဦးကို နိုဝင်ဘာ ၁၀ ရက်အထိ ချုပ်ရက်ရမန်ယူပြီး လူသတ်မှုနဲ့ စစ်ဆေးနေတယ်လို့ ကာဂျန်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

Source/Photo - The New Straits Times

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024