ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်စီးနင်းမှု လုပ်ဆောင်နေချိန်မှာ ပရဟိတဂေဟာတွေကို စီမံလုပ်ကိုင်နေတဲ့ GISB အစ္စလာမ္မစ် စီးပွားရေးလုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ တခြား အကြီးတန်းမန်နေဂျာတွေကို မလေးရှားအာဏာပိုင်တွေက စက်တင်ဘာ ၁၉ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
တားမြစ်ထားတဲ့ ဘာသာရေးဂိုဏ်းတခုနဲ့ ဆက်နွှယ်မှုရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောထားတဲ့ ဂလိုဘယ်အီခွမ်း ဝန်ဆောင်မှုနဲ့ စီးပွားရေးလုပ်ငန်းစုရဲ့ အကြီးအကဲ နာဆီရွတ်ဒင် မိုဟာမက်အလီဟာ ကွာလာလမ်ပူရှိ လူနေရပ်ကွက် ၄ ခုကို မနက်အစောပိုင်းက ဝင်ရောက်စီးနင်းမှုမှာ လူ ၁၈ ယောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးမှူးချုပ် ရာဇာရူဒင် ဟူစိန်က ရိုက်တာကို ပြောပါတယ်။
ကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ တခြားလူ ၅ ယောက်ကိုလည်း ထိုင်းနယ်စပ်မှာ ထိန်းသိမ်းထားကြောင်း ရာဇာရူဒင်က ပြောပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို GISB ကိုယ်စားလှယ်တယောက်မှ ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ နာဆီရွတ်ဒင်နဲ့ သူ့ရှေ့နေတို့ကိုလည်း ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။
GISB ကုမ္ပဏီရဲ့ စီအီးအို နာဆီရွတ်ဒင်ဟာ လူငယ်စောင့်ရှောက်ရေးဂေဟာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစားလုပ်မှုတွေနဲ့ မတရား ညှဉ်းပန်းအမြတ်ထုတ်မှု စွပ်စွဲချက်တွေကို စက်တင်ဘာ ၁၄ ရက်မှာ ငြင်းဆိုခဲ့ပေမဲ့ လိင်တူဆက်ဆံမှုက ၁ မှု၊ ၂ မှုလောက် ဖြစ်ပွားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
GISB လုပ်ငန်းစုကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ၃ ယောက်ကိုလည်း ကြာသပတေးနေ့က တရားရုံးမှာ သီးခြားစီ စွဲချက်တင်ထားကြောင်း ရာဇာရူဒင်က ပြောပါတယ်။
အပြစ်မရှိကြောင်း ဝန်ခံထားကြတဲ့ အမျိုးသားတွေလည်း နဂရီ ဆမ်ဘီလန် ပြည်နယ်ရှိ ဘာသာရေးကျောင်းမှာ ယောက်ျားလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ စွဲချက်ပေါင်းများစွာကို ရင်ဆိုင်နေရကြောင်း ရိုက်တာက ကြည့်ရှုခွင့်ရခဲ့တဲ့ တရားရုံး စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
Source-Reuters