ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ နိုဝင်ဘာ ၅ ရက်က ဒေါ့ဖုန်းယန်စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုရားကျောင်းဝင်းထဲ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်လို့ ပြည်သူ ၂ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒေါ့ဖုန်းယန်မြို့ပေါ်က စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းထဲ မနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ခန်းကိုင် စစ်ကောင်စီတပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင်အမျိုးသမီးတဦးနဲ့ ကျောင်းစောင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေါ့ဖုန်းယန်မြို့က ပြည်သူတဦးက ပြောပါတယ်။
“ညနေ ၂ နာရီ ၂၀ မိနစ်ကျော်လောက်မှာ လာကျတယ်။ မနက်ပိုင်းမှာလည်း လက်နက်ကြီးပစ်တဲ့အသံတွေ ကြားနေရတယ်။ ညနေပိုင်းကျတော့ ဘုရာကျောင်းဝင်းထဲ လာကျတယ်။ အခု အဲမှာက စစ်ရှောင်ပြည်သူတွေ နေနေတာလေ။ အဲလိုဆိုတော့ အမျိုးသမီး တဦးနဲ့ ကျောင်းစောင့်တဲ့ တယောက်ကော ထိတယ်။”
လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိမှန်ခဲ့တဲ့ ပြည်သူနှစ်ဦးကိုတော့ ဆေးကုသဖို့ ဗန်းမော်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်နက်ကြီးထိမှန်တဲ့ အမျိုးသမီးဟာ နွမ်လန်ကျေးရွာကနေ ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းထဲ ခိုလှုံနေတာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်း ဘုရားကျောင်းဝင်းမှာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ကျေးရွာ ၆ ရွာက အိမ်ထောင်စု ၅၄ စု ခိုလှုံနေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။