ရန်ကုန်၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်းမှာရှိတဲ့ အစားအသောက်လုပ်ငန်း၊ အိမ်ဆိုင်တွေအနေနဲ့ စည်ပင်ရုံးမှာ လုပ်ငန်းလိုင်စင်ပြုလုပ်ပြီးမှ ဆက်လက် လုပ်ကိုင်ဖို့အတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက စာတွေ ပို့နေတယ်လို့ သိရပါတယ်။
အဲဒီလို ပေးပို့တဲ့စာထဲမှာ အဲဒီလုပ်ငန်းအမျိုးအစားတွေအနေနဲ့ ဆိုင်၊ လုပ်ငန်း ဖွင့်လှစ်ရောင်းချမယ်ဆိုရင် လုပ်ငန်းမလုပ်ကိုင်မီ လုပ်ငန်းလိုင်စင် အရင်ဆုံး ပြုလုပ်ရမှာဖြစ်ပြီး လုပ်ငန်းလိုင်စင်မရသေးခင်အချိန်ထိ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိဘူးလို့ ရေးသားဖော်ပြထားပါတယ်။
အမှတ် ၉ ရပ်ကွက်မှာနေထိုင်သူတယောက်က “အမတို့က တပိုင်တနိုင် ထမင်းဆိုင်လေး ဖွင့်ပြီး ရောင်းနေတာ။ ကြီးကြီးကျယ်ကျယ် လုပ်နေတာလည်းမဟုတ်ဘူး။ အရမ်းရောင်းရတာမျိုးလည်း မဟုတ်ဘူး။ ဒါကို လိုင်စင်လုပ်ပြီးမှ ဖွင့်ရမယ်ပြောသွားတော့ အခု ဆိုင်ပိတ်ထားရတယ်” လို့ ပြောပါတယ်။
လုပ်ငန်းလိုင်စင်လုပ်ဖို့အတွက် စာပေးပို့ခံထားရသူတွေအနေနဲ့ ဆိုင်ကို ယာယီ ပိတ်ထားရမှာဖြစ်ပြီး ခွင့်ပြုချက်လိုင်စင်အတွက် မြို့နယ်စည်ပင်ရုံးကို လူကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်စေလွှတ်ပြီး မပျက်မကွက် လိုင်စင်လျှောက်ထားရမှာဖြစ်ကာ လိုက်နာခြင်းမရှိဘူးဆိုရင် အရေးယူမယ်လို့ အသိပေးထားပါတယ်။
လှိုင်သာယာမြို့နယ်ဟာ စက်မှုဇုန်တွေ ပေါများတဲ့နေရာတခုဖြစ်ပြီး အနယ်နယ် အရပ်ရပ်က အလုပ်လာလုပ်သူတွေ များတာကြောင့် တပိုင်တနိုင် ဈေးဆိုင်၊ ထမင်းဆိုင်၊ အိမ်ဆိုင်တွေကို ဖွင့်လှစ်လုပ်ကိုင်သူတွေလည်း များပါတယ်။