ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမဘေးက ဆီသိုလှောင်ရုံမှာ နိုဝင်ဘာ ၄ ရက်နေ့ည ၇ နာရီကျော်က မီးလောင်ခဲ့ပြီး အမျိုးသား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရပ်ကွက်နေသူတယောက်က “ဆီသိုလောင်ရုံနားမှာ စျေးဆိုင်လေးတွေရှိတယ်။ ဆိုင်တွေတော့ မီးမကူးဘူး။ ဆီဆိုင်တော့ အကုန်ပါသွားတယ်။ အဲက လူတွေ ဒဏ်ရာရတယ်။ အမျိုးသား ၂ ယောက်က ပုသိမ်ဆေးရုံကြီးကို ပို့လိုက်တယ်။ နောက် ၂ ယောက်က ကန်ကြီးထောင့်ဆေးရုံမှာပဲ” လို့ ပြောပါတယ်။
မီးလောင်မှုကို ပုသိမ်ခရိုင်မီးသတ်၊ ကန်ကြီးထောင့်မြို့နယ်မီးသတ်၊ ဒါးက နယ်မြေ မီးသတ်ခစန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့တွေက ဝိုင်းဝန်ငြိမ်းသတ်ခဲ့ပြီး ၇ နာရီ ၄ဝ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတယောက်က ဒီဗွီဘီ ကိုပြောပါတယ်။
“ဘယ်ကစလောင်တယ်၊ ဆုံးရှုံးမှုတန်ဖိုးဘယ်လောက်ရှိတယ် ဆိုတာ စုံစမ်း စစ်ဆေး နေတုန်းပါ။ ညကဒဏ်ရာရတဲ့ လူနာတွေကလည်း စိုးရိမ်စရာမရှိတော့ပါဘူး” လို့ ပြောပါတယ်။
လက်တလောမှာ မီးလောင်မှုနဲ့ပတ်သတ်ပြီး ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့စခန်းနဲ့ မီးသတ်ဦးစီးဌာနက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်ကလည်း ကန်ကြီးထောင့်မြို့၊ အမှတ် ၁ ရပ်ကွက် မြို့မစျေး မီးလောင်ခဲ့ပါတယ်။