အီဂျစ်၊ ဂရိ၊ ရောမခေတ်များကတည်းကပင် ညအချိန် ကင်းစောင့်သည့်အလုပ်၊ ရပ်ရွာတည်ငြိမ်ရန် ကြီးကြပ်သည့်လုပ်ငန်းများ သူ့နည်းနှင့်သူ ရှိခဲ့သည်။ အလယ်ခေတ် အင်္ဂလန်တွင်လည်း ထိုအယူအဆများ ရှိခဲ့သည်။ ယင်းနှင့်အတူ ၁၂၈၅ ဝင်ချက်စတာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ နိုင်ငံသားများသည် ဘုရင့်ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ စုပေါင်းတာဝန်ယူ ကြီးကြပ်ရမည်ဟု ဖော်ပြထားသည်။ သို့တိုင် ထိုနည်းလမ်းများမှာ ယနေ့ခေတ် ရဲလုပ်ငန်းလို အမှုအခင်းများကို စုံစမ်းစစ်ဆေးခြင်း၊ ဖမ်းဆီးအရေးယူခြင်းမျိုး အထိ မရှိသေးပါ။ ခိုးမှု၊ လုယက်မှုများကိုလည်း လူနှစ်ဦးကြားက ပြဿနာအဖြစ်သာ သဘောထားခဲ့ကြသည်။
၁၃၆၁ တွင် Justice of Peace ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ အင်္ဂလန်တဝန်း ငြိမ်ဝပ်ပိပြားမှုကို ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် အချိန်ပိုင်းပုလိပ်များ၊ ကင်းစောင့်များ၏ အကူအညီကို ယူကြရမည်။ သူတို့မှာ လခစားဝန်ထမ်းများ မဟုတ်သေး။ ဒေသန္တရ တရားသူကြီးများက ခန့်အပ်ထားခြင်းဖြစ်သည်။ သူတို့ကို ပြည်သူများကလည်း အကူအညီပေးရမည် ဖြစ်သည်။ ဥပမာ-တယောက်ယောက်က သူခိုးဗျို့ဟု အော်လိုက်သည်နှင့် အနီးနားရှိ ပြည်သူများကလည်း သူခိုးနောက်ကိုလိုက်ပြီး ဖမ်းဆီးပေးရမည်။ ပုလိပ် (သို့) ကင်းစောင့်တို့ ရောက်မလာမချင်း ပြည်သူကပဲ သူခိုးကို ဖမ်းဆီးထားရပေဦးမည်။
၁၆ ရာစုမှစတင်၍ ချမ်းသာသော ကုန်သည်များက ကြေးစားပုလိပ်များကို အခကြေးငွေပေးကာ ငှါးရမ်းလာကြသည်။ ထိုကြေးစားပုလိပ်များသည် အခိုးခံရသော ပစ္စည်းများကို အခကြေးငွေယူကာ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးကြသည်။ သို့သော် ဤစနစ်မှာ လူချမ်းသာများအတွက်သာ အကျိုးရှိစေခဲ့သလို အကျင့်ပျက် ခြစားမှုများအတွက် လမ်းဖွင့်ပေးသလို ဖြစ်စေခဲ့သည်။ ဒါ့အပြင် နောက်ထပ် အဟန့်အတားတခုမှာ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်သည့် နည်းလမ်းပဲဖြစ်သည်။ အဲ့သည် ၁၇ ရာစုတုန်းက ခိုးမှုလို အသေးစားပြစ်မှုများကိုပင် သေဒဏ်ပေးခဲ့ကြသည်။ ဤကဲ့သို့ ရက်စက်ပြင်းထန်သည့် နည်းကို အဓိကအားဖြင့် သူဆင်းရဲများအပေါ်တွင်သာ ကျင့်သုံးခဲ့သည့်အတွက် လူမှုရေး လှုပ်ရှားသူများက ပြင်ဆင်ဖို့ တောင်းဆိုခဲ့ကြသည်။
ဘိုးလမ်းကြားက အပြေးသမားများ
ဗြိတိသျှတို့ နှစ်ပေါင်းများစွာ အသုံးပြုနေသော ထိုပုလိပ်စနစ်မှာ ၁၈ ရာစုတွင် အားပျော့လာခဲ့သည်။ အခကြေးငွေမရဘဲ ပုလိပ်တာဝန် ထမ်းဆောင်နေရသော ပြည်သူများမှာ တာဝန်မှ ရှောင်ဖယ် ရှောင်ဖယ် လုပ်လာသည်။ တာဝန်မထမ်းဆောင်ချင်ကြတော့။ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုလည်း အချိန်မပေးနိုင်တော့သည်မို့ ပုလိပ်အလုပ်တာဝန် ပျက်ကွက်လာကြသည်။ သို့ဖြစ်ရာ ထိုပုလိပ်လုပ်ငန်းမှာ အလုပ်အကိုင်မရှိသော လူအို၊ လူနာ၊ သူဆင်းရဲများအတွက် ရောက်ရှိလာခဲ့သည်။ သူတို့တတွေမှာလည်း အလုပ်တာဝန် ထမ်းဆောင်ဖို့ရန် အနိုင်နိုင် ကြိုးပမ်းနေရသည်။
၁၇၄၉ တွင် တရားသူကြီးနှင့် စာရေးဆရာဖြစ်သူ ဟင်နရီဖီလဒင်သည် Bow Street Runners (ဘိုးလမ်းကြားက အပြေးသမားများအဖွဲ့) ကို သူ့အစ်ကို ဂျွန်နှင့်အတူ တည်ထောင်ခဲ့သည်။ ထိုအဖွဲ့မှာ လန်ဒန်မြို့ ဘိုးလမ်းကြားရှိ တရားရုံးများအတွက် လုပ်ကိုင်ပေးသည့် လစာရ ရဲအဖွဲ့ငယ်လေးတဖွဲ့ ဖြစ်သည်။ သူတို့မှာ လမ်းကြိုလမ်းကြားများတွင်တော့ ပတ်တရောင်မလှည့်။ တရားရုံးများကိုယ်စား စာချွန်တော်ချတာမျိုး၊ ရာဇဝတ်ကောင် ဖမ်းတာမျိုးသာ ပြုလုပ်ကြသည်။ ပထမဆုံး ပုလိပ်ခြောက်ယောက်ကို ဗဟိုအစိုးရက လစာပေးသည်။ ပြစ်မှုနှင့်ပတ်သက်သည့် နည်းအမျိုးမျိုးကို အသုံးချကာ ဖော်ထုတ်သည်။ သို့တိုင် သူတို့မှာ မှုခင်းတားဆီးသည့်အဖွဲ့ မဟုတ်သေး။ ပြစ်မှုဖြစ်ပွားပြီးမှ အရေးယူ ဆောင်ရွက်ကြသောကြောင့် ဖြစ်သည်။ လန်ဒန်မြို့၏ ဒေသငယ်လေးတွင် လုပ်ဆောင်ခဲ့ကြသော်လည်း Bow Street Runners အဖွဲ့မှာ နောင်တချိန်တွင် ပေါ်ပေါက်လာမည့် ရဲတပ်ဖွဲ့အတွက် ဩဇာကြီးမားခဲ့ပေသည်။
ပြုပြင်ရေးတောင်းဆိုသံ
၁၈ ရာစုနှောင်းပိုင်းတွင် လန်ဒန်မြို့၌ ရာဇဝတ်မှုများ တိုးများလာသည်။ အဓိကရုဏ်းများ နိမ်နှင်းရန် စစ်တပ်ကို မကြာခဏ ခေါ်ဆိုနေရသည့် ကာလလည်း ဖြစ်၏။ တရားသူကြီး ပက်ထရစ် ကိုလ်ကူ ဟွန်က မြို့ပြရဲအဖွဲ့ဆိုင်ရာကျမ်း အမည်ရှိ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုများလုပ်ဖို့ ဆော်ဩထားသည်။ ရဲသားများမှာ လုပ်ငန်းကျွမ်းကျင်ပြီး အားတက်သရောရှိကာ ကိုယ်ကျင့်တရား မြင့်မားသူများ ဖြစ်ရမည်ဟု သူကဆိုသည်။ ကိုလ်ကူဟွန်သည် အသစ်ဖွဲ့စည်းလိုက်သော ရေကြောင်းပုလိပ်အဖွဲ့ကို တာဝန်ယူစဉ်က သူ၏စာအုပ်ပါ သဘောတရားများကို လက်တွေ့စမ်းသပ်ခဲ့သည်။ ထိုလခစားအဖွဲ့များသည် အသစ်အဆန်း ဖြစ်လာပြီး ပတ္တရောင်လှည့်သည့် အလုပ်ကိုပါ ပုံမှန်လုပ်ဆောင်ခဲ့ကြသည်။ သို့နှင့်အညီ မြစ်တလျှောက် မှုခင်းအရေအတွက် သိသိသာသာ ကျဆင်းသွားသည်အထိ အောင်မြင်မှု ရရှိခဲ့ပေသည်။
သို့နှင့်အမျှ အစိုးရအဖွဲ့ကိုလည်း ဗြိတိန်၏ မြို့ကြီးများတွင် ယင်းသို့လုပ်ဆောင်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။ သို့သော် ထိုသို့လုပ်ဆောင်လျှင် အခွန်ငွေပါ တိုးမြှင့်ကောက်ခံရမည် ဖြစ်သည်။ ထိုအရာသည် လူကြိုက်များလိမ့်မည်မဟုတ်ဟု ဆိုကာ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့အပြင် ထိုအချိန်က နိုင်ငံရေးအယူအဆအရ နိုင်ငံတော်က လုပ်ဆောင်မည့် စနစ်တကျ ဖွဲ့စည်းထားသော ရဲတပ်ဖွဲ့ကို အလိုမရှိ။ အမြဲတမ်းရဲတပ်ဖွဲ့ရှိလျှင် အကျင့်ပျက်ခြစားမှုများ ပေါ်ပေါက်လာမည်ဖြစ်သလို နိုင်ငံရေးရည်ရွက်ချက်များအတွက် အလွဲသုံးစား လုပ်မည်ဆိုကာ စိုးရိမ်မှုများလည်း ရှိခဲ့ပါသည်။
သို့တိုင် အဓိကရုဏ်းနှိမ်နင်းရေး၊ ငြိမ်ဝပ်ရေးများတွင် စစ်တပ်ကိုသာ လုပ်ကိုင်ခွင့် ပေးထားခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များ တွေ့လာရသည်။ ၁၈၁၉ ခုနှစ်၌ မန်ချက်စတာမြို့တွင် ပီတာလူး အစုအပြုံသတ်ပွဲ ပေါ်ပေါက်လာခဲ့သည်။ အဓိက အကြောင်းအရင်းမှာ စစ်တပ်မှ အင်အားအလွန်အကျွံသုံးခဲ့ခြင်းကြောင့် ဖြစ်သည်။ ပါလီမန်စနစ် ပြုပြင်ဖို့ရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်ကြီးကို စစ်သားများက အကြမ်းဖက်ဖြိုခွင်းရာ လူ ၁၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ပြည်သူလူထုမှာ ဒေါသယမ်းမီး ထွက်လာကြသလို ပါလီမန်သည်ပင် ယင်းကဲ့သို့ နောက်ထပ် အကြမ်းဖက်မှုတွေကို မလိုလားတော့ပေ။ သို့ဖြစ်ရာ ရဲတပ်ဖွဲ့ ဖွဲ့နိုင်ဖို့ ဥပဒေတရပ် လိုအပ်နေကြောင်း ပါလီမန်ကိုယ်တိုင် သိရှိလာခဲ့သည်။
ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း
လန်ဒန်တွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲဖို့ကို နိုင်ငံရေးသမား ရောဘတ်ပီးလ် ဦးဆောင်ကာ တောင်းဆိုခဲ့သည်။ ၁၈၂၀ ခုနစ်များတွင် လူဦးရေတိုးပွါးမှုနှုန်း များလာသလို မှုခင်းအရေအတွက်လည်း များပြားလာခဲ့သည်။ ရောဘတ်ပီးလ်မှာ အိုင်ယာလန်တွင် အတွင်းရေးမှူးချုပ်အဖြစ် ရှိစဉ်က ဒဗ္ဗလင်ရဲတပ်ဖွဲ့ကို အထူးအားကျခဲ့သည်။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည့်အခါ လန်ဒန်ရဲတပ်ဖွဲ့ဥပဒေ ပေါ်ပေါက်လာရန် အထူးအလေးထား ဆောင်ရွက်ခဲ့သည်။ ဥပဒေကင်းမဲ့မှု၊ ငြိမ်ဝပ်ပိပြားမှု မရှိခြင်းတို့က မတည်ငြိမ်မှုများကို ဖန်တီးပေးနေကြောင်း ပီးလ်က ရှုမြင်သည်။ ၁၈၂၉ တွင် မြို့ရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းဖို့ရန် လှုံ့ဆော်ရာတွင် ထောက်ခံမဲ အလုံအလောက် ရရှိခဲ့ပေသည်။
လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ ဥပဒေအရ လန်ဒန်မြို့အတွက် အမြဲတမ်း ပရော်ဖက်ရှင်နယ် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ထိုရဲတပ်ဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ထိုရဲတပ်ဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံရသည်။ ရဲတပ်ဖွဲ့ဝင်များမှာ တူညီဝတ်စုံ ဝတ်ဆင်ကြရသည်။ အပြာရောင်ဝတ်စုံဖြစ်၏။ စစ်တပ်ကတော့ အနီရောင်ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များမှာ လက်နက်ကိုင်ဆောင်ခွင့်မရှိ။ ရဲတပ်ဖွဲ့ဝင်များကို ဘော်ဘီ (သို့မဟုတ်) ပီးလ်လားဟုလည်း ခေါ်ကြသည်။ ၎င်းတို့ကို သာမန်အလုပ်သမားတဦးထက် လုပ်ခပိုပေးကြသည်။ သို့တိုင် ကျွမ်းကျင်လုပ်သားတယောက်လောက်တော့ မရကြပေ။ လာဘ်ပေးလာဘ်ယူမှုများ ကင်းဝေးစေရန် ခိုးရာပါပစ္စည်းများ ပြန်ရှာပေးသည့်အတွက်လည်း အခကြေးငွေ ယူခွင့်မရှိပေ။ ၁၈၉၇ ခုနစ်အထိ ရဲတပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲများတွင် မဲပေးခွင့် ပိတ်ပင်ထားသည်။ သူတို့မှာ နိုင်ငံရေးဩဇာခံ မရှိကြောင်း ပြသလိုသည့်အတွက် ဖြစ်သည်။
ယင်းသို့ဖြင့် အသစ်ဖွဲ့စည်းလိုက်သော ရဲတပ်ဖွဲ့မှာ မှုခင်းတားဆီးရေး၊ လမ်းကြိုလမ်းကြား ကင်းလှည့်ခြင်း၊ ဒေသခံအဖွဲ့များနှင့် ပူးပေါင်းကာ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်ခဲ့ကြသည်။ အစပိုင်းမှာတော့ ပြည်သူတွေက သဘောမကျ။ ယူနီဖောင်းတွေဝတ်ပြီး ဘာလုပ်ပါ၊ ညာလုပ်ပါ ပြောနေခြင်းမှာ ပြည်သူများ၏ နေ့စဉ်ဘဝကို နိုင်ငံတော်က ဝင်ရောက်စွက်ဖက်သည်ဟု ရှုမြင်ကြသောကြောင့် ဖြစ်သည်။ သို့သော် လန်ဒန်တခွင် မှုခင်းဖြစ်ပွားနှုန်း လျော့ကျလာသည့်အခါမှာတော့ ရဲတပ်ဖွဲ့ကို လက်ခံလာခဲ့ကြသည်။
နိုင်ငံအနှံ့ ရဲတပ်ဖွဲ့များ
၁၈၃၅ တွင် အသစ်ဖွဲ့စည်းလိုက်သော ဒေသန္တရကောင်စီများသည် လခစားရဲတပ်သားများ ခန့်အပ်လာကြသည်။ ၁၈၃၉ နယ်မြေခံရဲတပ်ဖွဲ့ ဥပဒေအရ နယ်မြေဒေသအသီးသီးတွင် ၎င်းတို့ကိုယ်ပိုင် ရဲတပ်ဖွဲ့ဝင်များ ဖွဲ့ခွင့်ရလာခဲ့သည်။ ဤသို့ဖြင့် ပရော်ဖက်ရှင်နယ် ရဲတပ်ဖွဲ့များမှာ တိုင်းပြည်အနှံ့ ဟိုတဖွဲ့ဒီတဖွဲ့ ပေါ်ပေါက်လာခဲ့တော့သည်။ တဖွဲ့ချင်းစီကို ဥပဒေတွင် ပြဋ္ဌာန်းထားသော ဗဟိုအမိန့်ဖြင့် ကြီးကြပ်စစ်ဆေးသည်။ ကောင်တီနှင့် စကာဘော့ရော့ဇ် ၁၈၅၆ ရဲတပ်ဖွဲ့ဥပဒေအရ ဗြိတိန်ရှိ နယ်မြေ၊ တိုက်နယ် အသီးသီးတွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းဖို့ ပြဋ္ဌာန်းထားသည်။ ၁၉၀၀ ခုနစ်တွင် ဗြိတိန်တဝန်း ရဲတပ်ဖွဲ့ပေါင်း ၁၈၁ ဖွဲ့ ရှိခဲ့သည်။ သို့သော် ၎င်းတို့ကြား ချိတ်ဆက်ဆောင်ရွက်မှုကတော့ အားနည်းနေတုန်းပင် ဖြစ်သည်။ ထို့ကြောင့် ကျေးလက်အဖွဲ့များမှာ ဒေသန္တရရဲတပ်ဖွဲ့အဖြစ် ပူးပေါင်းအားဖြည့်ခဲ့ကြသည်။ ဤသို့ဖြင့် တိုင်းပြည်အနှံ့ ရဲလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ဖြစ်သည်။
ဗြိတိသျှရဲ့လုပ်ငန်းပုံစံ
ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင်နိုင်ငံ အများစု အပါအဝင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ ရဲတပ်ဖွဲ့ပုံစံကို ဗြိတိသျှပုံစံ အခြေခံထားကြသည်။ ထိုပုံစံအရ မှုခင်းတားဆီးရေးအပေါ် အဓိကထား လုပ်ဆောင်ကြသည်။ ထို့အပြင် ဥရောပတိုက်ရှိ မြူနယ်စီပယ် ရဲတပ်ဖွဲ့များထက်စာလျှင် လာဘ်စားမှုနည်းသည်ဟု ဆိုကြသည်။ အမေရိကန်တွင် ပထမဆုံးသော ဗဟိုချုပ်ကိုင်မှုရှိသည့် ရဲတပ်ဖွဲ့ကို ဘော့စတွန်မြို့တွင် ၁၈၃၈ ၌ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၈၄၅ တွင် နယူးယောက်ပြည်နယ်တွင် ထပ်မံဖွဲ့စည်းခဲ့သည်။ သို့သော် အမေရိကန်၏ ရဲတပ်ဖွဲ့စနစ်မှာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ဒေသန္တရအဖွဲ့များအပေါ် အခြေခံမှုများကြောင့် အကွဲကွဲအပြားပြား ဖြစ်လာခဲ့သည်။ မကြာခဏဆိုသလို ဒေသန္တရ နိုင်ငံရေးကိစ္စများနှင့် ပတ်သက်မှု ရှိလာခဲ့ကြသည်။ ယင်းကပင် အချို့သော ရဲတပ်ဖွဲ့ဝင်များကို လာဘ်စားမှုများ ဖြစ်စေခဲ့သည်။
ယနေ့ခေတ်မှာတော့ ဗြိတိန်၏ ရဲလုပ်ငန်းမှာ ကြီးမားကျယ်ပြန့်လာခဲ့သည်။ မှုခင်းစုံစမ်းခြင်း၊ ပုံဖျက်စုံစမ်းခြင်းမှသည် အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ဆိုက်ဘာမှုခင်း ကိုင်တွယ်ရေးများအထိ ပါဝင်လာခဲ့သည်။ မည်သို့ရှိစေ ရဲနှင့် ပြည်သူမှာ တသားတည်းဖြစ်သည်ဟူသော ၁၈၂၉ အခြေခံမူကိုတော့ ယနေ့တိုင် ကိုင်စွဲထားတုန်းပဲ ရှိသေးသည်။