ဥရောပလိဂ်ပြိုင်ပွဲတွေဆီ ပြန်ကစားမှာ မဟုတ်တော့ကြောင်း အင်တာမိုင်ယာမီ တိုက်စစ်မှူး မက်ဆီက အတည်ပြုပြောဆိုပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ တရာသီ ပြီးဆုံးသွားပြီဖြစ်လို့ တလလောက် အနားယူသွားမှာ ဖြစ်ပါတယ်။
တချိန်တုန်းက အမေရိကန်မေဂျာလိဂ်မှာ ကစားခဲ့ဖူးတဲ့ ဒေးဗစ်ဘက်ခမ်း၊ သီယာရီအွန်နရီတို့ဟာ လိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်မှာ ဥရောပလိဂ်တွေဆီ အငှားထွက် ကစားခဲ့ဖူးပါတယ်။
မက်ဆီအနေနဲ့လည်း အသင်းဟောင်း ဘာစီလိုနာဆီ ပြန်ကစားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ မဟုတ်မှန်ကြောင်း မက်ဆီက အတည်ပြုခဲ့တာပါ။
“ဥရောပမှာ ထူးချွန်တဲ့ ဘောလုံးသမားဘဝကို ဖြတ်သန်းနိုင်ခဲ့ပြီး စိတ်ကူးအိပ်မက်တိုင်းကိုလည်း အောင်မြင်မူရရှိခဲ့ပြီး ဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ခုချိန်မှာတော့ အမေရိကဆီ လာပြီး ကစားဖို့ ဆုံး ဖြတ်ခဲ့တာပါ။ ဥရောပလိဂ်ဆီကိုတော့ နောက်တစ်ခါထပ်ပြီး ပြန်ကစားမှာ မဟုတ်တော့ပါဘူး” လို့ မက်ဆီကပြောပါတယ်။
ပီအက်စ်ဂျီကနေ ထွက်ခွာလာချိန်မှာ ဘာစီလိုနာဆီ ပြန်ကစားဖို့ စိတ်ကူးရှိပေမဲ့ မဖြစ်နိုင်တဲ့ အခြေအနေတွေရှိတာကြောင့် ဖြစ်ကြောင်း မက်ဆီက ရှင်းလင်းသွားပါတယ်။
Photo-Reuters