ဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေပြီး တရုတ်က သူ့ကိုယ်သူ ယုံကြည်မှုတွေ မြင့်တက်နေချိန်မှာ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ စစ်တပ်တွေ အပြန်အလှန် သုံးနိုင်ရေး သဘောတူညီချက်အတွက် စတင်ဆွေးနွေးဖို့ ဂျပန်နဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေက နိုဝင်ဘာ ၃ ရက်မှာ သဘောတူခဲ့ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖှုမိအို ခိရှိဒါ့က သူနဲ့ ဖိလစ်ပိုင်သမ္မတ ဖှာဒီနန် မားကို့စ် ဂျူနီယာတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ဖို့ သဘော တူညီခဲ့ကြတယ်လို့ ပြောပါတယ်။
အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့မှာ လက်ရှိအနေအထားကို အင်အားသုံးပြီး တဖက်သတ် ပြောင်းဖို့ လက်မခံနိုင်တဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နှင့် ဂျပန်နှစ်နိုင်ငံစလုံးဟာ ရေပိုင်နက်အချုပ်အခြာ အာဏာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဆယ်စုနှစ် အများကြီးကြာအောင် အငြင်းပွားနေတာပါ။
တရုတ်သင်္ဘောတွေရဲ့ ရန်လိုတဲ့အပြုအမူအဖြစ် သူတို့ ရှုမြင်တဲ့အချက်ကိုလည်း အပြင်းအထန် ကန့်ကွက်ထားပါတယ်။
ဂျပန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ တပ်ဖွဲ့ဝင်တွေ အပြန်အလှန် သုံးရေး သဘောတူညီချက်ဟာ အလည် အပတ် တပ်များဆိုင်ရာ သဘောတူညီချက်လို့ခေါ်တဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား အလားတူ သဘောတူညီချက်ကိုလည်း လိုက်နာမှာပါ။
လေ့ကျင့်ရေးတွေအတွက် အဓိကဖြစ်ပြီး ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ အဆက်မပြတ် အလှည့်ကျ ထားရှိရေး ဥပဒေဘောင် တရပ်ကို ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။
ကမ်းရိုးတန်းရေဒါတွေ လုံခြုံရေးအတွက် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြိုးပမ်းအားထုတ် မှုတွေကို မြှင့်တင်ရာမှာ ဂျပန်နိုင်ငံက ယန်းသန်း ၆၀၀ (ဒေါ်လာ ၄ သန်း) ပေးအပ်ခဲ့တယ်လို့လည်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters