ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးရွာအုပ်စု၊ မြရတနာရပ်ကွက်ရှိ ရေကန်ကြီးအတွင်းမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းတခု တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေကန်ထဲ ရုပ်အလောင်းတွေ့ရှိတာကို ဆယ်ယူပေးဖို့ ရပ်ကွက်နေသူတွေက ပုလဲ အရန်မီးသတ်တပ်ဖွဲ့ကို မနက် ၇ နာရီလောက်က အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက “နယ်မြေခံ ရပ်ကွက်တာဝန်ရှိသူတွေက လှမ်းအကြောင်းကြားတာပါ။ လူပျောက်နေတာတော့ ၃ ရက်လောက်ရှိပြီ။ မိသားစုက အလောင်းပေါ်လာမှ သိတာ။ သူတို့က ကန်ဘောင်နားမှာပဲ နေတာ။ သေဆုံးသူက အသက် ၃၀ ဝန်းကျင်ပါ။ မေဓာဝီဆေးရုံ ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။
ရေနစ်သေဆုံးနေသူဟာ အောက်တိုဘာ ၃၁ ရက်ကတည်းက ပျောက်ဆုံးသွားတဲ့ မြရတနာရပ်ကွက်မှာ နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး ဖြစ်တယ်လို့ သိရပြီး မိသားစုဝင်တွေက အတည်ပြုပေးထားပါတယ်။
ကန်ထဲကရုပ်အလောင်းကို မနက် ၇ နာရီ ၄၅ မိနစ်ခန့်မှာ ဆယ်ယူနိုင်ခဲ့ပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားပါတယ်။