မြောက်ပိုင်းသုံးဖွဲ့ အနေနဲ့ မျိုးနွယ်စုအချင်းချင်း လက်စားချေတဲ့ ပြဿနာကို အကြောင်းပြချက်ပေးဖုံးကွယ် ဆောင်ရွက်နေတာဖြစ်ပြီး အဓိက ရည်ရွယ်ချက်က အာဏာရရေးတခုတည်းဟု စစ်ကောင်စီက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်နေတဲ့ MNDAA၊ TNLA၊ AA အဖွဲ့တွေဟာ သူတို့ရဲ့ ရာစုနှစ်နဲ့ ချီပြီဖြစ်လာတဲ့ မျိုးနွယ်စုအချင်းချင်း လက်စားချေတဲ့ ပြဿနာတွေကို အကြောင်း ပြချက် ကောင်းကောင်းပေးဖုံးကွယ်ပြီး လုပ်ဆောင်နေတာလို့ ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်တွေနဲ့ နောက်ခံအကြောင်းအရာများဆိုပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံဖိုင်နဲ့ ရှင်းလင်းထားတာဖြစ်ပါတယ်။
ဒီလို ငါးနှစ်တကြိမ်လောက်ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဘယ်သူတွေက ဖန်တီးတာလဲ၊ နောက်ကွယ်မှာ ဘာတွေရှိလည်းဆိုတာ သိဖို့လိုတယ်လို့လဲ ဆိုပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ သူတို့ရဲ့ မျိုးနွယ်စုအချင်းချင်း၊ မိသားစုအချင်းချင်း လက်စားချေဖို့ ရည်ရွယ်ပြီးတော့ ကိုးကန့်ဒေသမှာရှိတဲ့ ပြည်သူလူထုကို သူတို့ လက်စားချေရေးအစီအစဉ်ထဲမှာ ထိုးကျွေးနေတာ ဖြစ်တယ်။ အဓိကကတော့ အာဏာရရေးတခုပဲဖြစ်တယ်လို့ ပြောချင်တယ်” လို့ ဆိုပြောတယ်။
စစ်ကောင်စီအနေနဲ့ တရုတ်နဲ့ မြန်မာနယ်စပ်မှာဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားတွေနဲ့ ပတ်သက်လို့ လောက်ကိုင် ဒေသမှာရော၊ ကိုးကန့်ဒေသတခုလုံးမှာရော ဆက်လက်ပြီး နှိမ်နင်းရေးဆောင်ရွက်နေပြီး မြောက်ပိုင်းသုံးအဖွဲ့အနေနဲ့ ကျားဖြန့်လောင်းကစားကိစ္စအတွက် ဘာတွေများလုပ်ခဲ့လဲလို့ ပြောပါတယ်။
“အဲတော့ ဒီတိုက်ပွဲမှာ ကျားဖြန့်နဲ့ပတ်သက်ပြီး ဘာများ တိုက်ဖျက်တာ လုပ်ခဲ့လဲ၊ အဓိက သူတို့ (MNDAA၊ TNLA၊ AA) လုပ်ခဲ့တာသည် ရပ်ရွာတွေကို ပစ်ခတ်တယ်၊ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖောက်ခွဲတယ်၊ တံတားတွေ ဖောက်ခွဲတယ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ထိခိုက်အောင်လုပ်နေတာဖြစ်တယ်။ နောက် တရုတ်-မြန်မာ နှစ်နိုင်ငံကြားမှာ အထင်အမြင်လွဲမှားမှုတွေ ပိုပြီးတော့ ကြီးမားအောင် လုပ်တဲ့ဟာတွေကိုပဲ တွေ့ရတယ်။”
စစ်အာဏာရှင်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီးတော့လည်း စစ်ကောင်စီ ပြောခွင့်ရက ခုလို တုံ့ပြန်ပါတယ်။
“ကျနော်တို့ ပြောချင်တာက သူတို့ကမှ စစ်အာဏာရှင်စနစ်ထက် ပိုဆိုးတဲ့ စစ်ဘုရင်စနစ် (War Lord) စစ်ဘုရင်တွေဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့အရေးအခင်းတွေပြန်ကြည့်ပါ။ သူတို့ အာဏာရတဲ့ အချိန်မှာလည်း အဲဒေသက ပြည်သူလူထုကို ဘာများ ကောင်းကျိုးပေးခဲ့သလဲ၊ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို သူတို့ ဘာများ ကောင်းကျိုးပေးခဲ့တာရှိသလဲ။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် သုံးနေရာကိုတော့ လက်လွှတ်ခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။