မြန်မာပြည်တွင်း ရွှေဈေးဟာ တပတ်အတွင်း ကျပ် ၁ သိန်းဝန်းကျင် မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ အခေါက်ရွှေတကျပ်သားကို ကျပ် ၃၅ သိန်း ၅ သောင်းဝန်းကျင်ထိ ပြန်လည် မြင့်တက် ရောက်ရှိလာပါတယ်။
ပြည်တွင်းရွှေဈေးဟာ ကျပ် ၃၄ သိန်းအထက်မှာ အချိန်ကြာကြာ တည်ငြိမ်နေရာကနေ ရှမ်းမြောက်တိုက်ပွဲတွေ စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး တစတစ မြင့်တက်လာတာ ဖြစ်တယ်လို့ ရန်ကုန်မြို့က ဝါရင့်ရွှေဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“၃၅ သိန်းနဲ့ ၅ သောင်းလောက် ပြန်ဖြစ်တယ်။ တိုက်ပွဲတွေ ဖြစ်တဲ့နေ့ကစပြီး နေ့တိုင်း နည်းနည်း နည်းနည်း တက်နေတာ၊ ဒေါ်လာဈေးလည်း တက်တယ်လေ၊ အဲဒါကြောင့် တက်တာပါ။ တိုက်ပွဲတွေဖြစ်တော့ ဒေါ်လာဈေးလည်း တက်တယ်။ ဒေါ်လာဈေးတက်တော့ ရွှေဈေးလည်း လိုက်တက်တယ်။ အားလုံးကတော့ ဆက်စပ်နေတာပါပဲ။”
အခုလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ပြည်တွင်းရွှေဈေးအပေါ် သက်ရောက်မှု ရှိလာပေမဲ့ ရွှေဝယ်ယူမှုတွေကတော့ အရင်အတိုင်း အေးနေဆဲပဲလို့ သိရပါတယ်။
ရွှေဆိုင်လုပ်ငန်းရှင်တဦးက “အရောင်းအဝယ်တွေကတော့ ပါးပါတယ်။ အများကြီး လိုက်ဝယ်နေကြတာမျိုးတော့ မရှိပါဘူး။ ဝယ်တာလည်း နည်းတယ်။ ပြန်ရောင်းချတာတွေလည်း နည်းတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ လာရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုလုံး ပိတ်ထားခဲ့ပြီး လက်ရှိမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။
လတ်တလော မြန်မာပြည်တွင်း ရွှေဈေးကွက်ကတော့ တရားဝင် အရောင်းအဝယ်လုပ်တာ မရှိဘဲ မှောင်ခိုဈေးကွက်မှာပဲ အရောင်းအဝယ်တွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။