အီတလီနိုင်ငံကို နိုဝင်ဘာ ၂ ရက်က ကီးရန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း တာ့စ်ကနီဒေသမှာ လူတယောက် သေဆုံးခဲ့ပါတယ်။
အရှေ့မြောက်ပိုင်းရှိ တပ်စ်ကန်မြို့ဖြစ်တဲ့ ပရာတိုမှာ အသက် ၈၅ နှစ်အရွယ် အမျိုးသားတယောက်ကို သူ့နေအိမ်မှာ သေဆုံးလျက်သား တွေ့ရှိရပြီး အရှေ့မြောက်ပိုင်း ဗနက်တိုဒေသမှာလည်း လူတယောက် ပျောက်ဆုံးနေကြောင်း အီတလီရဲ့ အန်ဆာသတင်းဌာနက ထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်က ဘာဘက်မုန်တိုင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကီးရန်မုန်တိုင်းဟာ နိုဝင်ဘာ ၂ ရက်က ဥရောပအနောက်မြောက်ပိုင်းကို အရှိန်နဲ့ ဝင်ရောက်ခဲ့ပြီး လေပြင်းတိုက်ခတ်ကာ မိုးရွာတာတို့ကြောင့် မြောက်အိုင်ယာလန်နဲ့ ဗြိတိန်ရဲ့ အစိတ်အပိုင်းတွေမှာ ရေကြီးရေလျှံ ခဲ့ပါတယ်။
ပြင်သစ်မှာလည်း လူတယောက် သေဆုံးခဲ့တာ အပါအဝင် လူ ၇ ယောက်သေဆုံးခဲ့ပြီး စာသင်ကျောင်းတွေ၊ လေဆိပ်တွေ၊ ရထားလမ်းနဲ့ ကူးတို့ယာဉ် ဝန်ဆောင်မှုတွေကို ပိတ်ထားရပါတယ်။
စပိန်နိုင်ငံ မက်ဒရစ်မြို့မှာလည်း နိုဝင်ဘာ ၂ ရက်က ကီးရန်မုန်တိုင်း တိုက်ခတ်ခဲ့လို့ လူတယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စပိန်နိုင်ငံမြောက်ပိုင်းရှိ ဂါလီစီယာနဲ့ ကန်တာဘရီယာ ဒေသတို့မှာလည်း လှိုင်းအမြင့် ၉ မီတာအထိ ရှိမယ်လို့ ခန့်မှန်းထားပြီး ကြာသပတေးနေ့က အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
မက်ဒရစ်မြောက်ဘက်ရှိ လာပီနီးလာ နှင်းလျှောစီး အပန်းဖြေစခန်းနဲ့ ဂါလီစီယာဒေသရှိ အက်စ်တာကာ ဒယ်ဘာရက်စ် ပွိုင့်တို့မှာ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၅၀ ကျော်ရှိကြောင်း AEMET က ပြောကြားထားပါတယ်။
မက်ဒရစ်၊ ဘီဘာအို၊ အက်စ်တူရီးယပ်စ်၊ ဗီဂို၊ လာကိုရူနာနဲ့ ဆန်တန်ဒါတို့မှာ လေကြောင်းခရီး ၂၁ ခုကို ဖျက်သိမ်းလိုက်ကြောင်း လေဆိပ်အော်ပရေတာ AENA က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters