Home
မြန်မာသတင်း
ရွှေလီကြိုးတံတားရှိ စစ်ကောင်စီစခန်း သိမ်းပိုက်ခံရ၊  နမ့်ခမ်းမြို့ပေါ် တိုက်ပွဲပြင်းထန်
DVB
·
November 3, 2023
Namt Kham
Namt Kham war victims house_03112023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ပေါ်မှာ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီဝန်းကျင်က နမ့်ခမ်း-မန့်ဝိန်းကြီး ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့​ကြောင်း တအာင်းတပ်မတော် (PSLF/TNLA) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲမြို့ပေါ်နီးလာချိန် အခြေအနေကို နမ့်ခမ်းဒေသခံတဦးက “နမ့်ခမ်းလည်း မငြိမ်ပါဘူး။ တညလုံး ပစ်သံကြားနေရတာ။ ခု ပိုနီးလာပြီ။ ရွှေလီကြိုးတံတား သိမ်းပြီးကတည်းက အသံတွေပိုဆိုးလာတယ်” လို့ ပြောပါတယ်။

မနက် ၁၁ နာရီဝန်းကျင်မှာတော့ တိုက်ပွဲဟာ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ထဲ ပြင်းထန်နေခဲ့​ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာ ၄ ကြိမ်ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

လက်နက်ကြီး လက်နက်ငယ်အသံတွေ ဆူညံနေပြီး ရှောင်တိမ်းဖို့ ခက်ခဲသွားတဲ့ အခြေအနေမှာ မြို့ခံတွေဟာ နှစ်ဖက်လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုကို မိမိတို့ရှိနေတဲ့ နေရာတွေကနေ မြင်နေရတာ ဖြစ်ပါတယ်။

မြို့လယ်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွှေလီကြိုးတံတားဘက်ကို စစ်ကူဖို့ သွားရာကနေ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲပိုမိုပြင်းထန်လာတာ ဖြစ်ပါတယ်။

ကြိုးတံတားတိုက်ပွဲအပြီးမှာ လက်နက် ၄ လက်၊ ၆၀ မမ ဗုံးသီး ၃၀၊ RPG ၈ လုံး၊ လက်ပစ်ဗုံး ၅၀ လုံး၊ ကျည်ဆံအမြောက်အမြားနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က ထုတ်ပြန်ထားပါတယ်။

တရုတ်ဘက်ကတော့ နမ့်ခမ်းမြို့နယ် နယ်စပ်မျဥ်းပေါ်ကပ်လာတဲ့ တိုက်လေယာဉ်နှစ်စီးကို တရုတ်စစ်တပ်က လေယာဥ်ပစ်အမြောက်တွေနဲ့ ပြန်လည်ပစ်ခတ် မောင်းထုတ်နေတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024