ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၁ ဦး ဗုံးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂ ရက် နေ့လယ် ၂ နာရီခွဲမှာ စစ်ကောင်စီက ကာလိုင်ကျေးရွာထဲကို လေယာဥ်နဲ့ ဗုံး ၂ ကြိမ် လာကြဲခဲ့တာကြောင့် ဗုံးထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့တယ်လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကာလိုင်စျေး စျေးတန်းတွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် ကာလိုင်ရွာက နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက "လေယာဉ်သံတွေကြားတော့ အကုန်လုံးက ဘေးလွတ်ရာတွေ ပုန်းကြဝပ်ကြနဲ့ လုပ်နေရတာ ဗုံးထိသွားတဲ့ အစ်မက အိမ်အပြင်ကိုထွက်လိုက်တဲ့အချိန် မှန်သွားရှာတာ။ လေယာဉ်တွေမဝဲတော့ဘူးဆိုမှ လူတွေအကုန်ထွက်လာပြီး သူ့အလောင်းကို သွားကောက်ရတာ" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ကာလိုင်ကျေးရွား ဒေသခံတွေက ကွတ်ခိုင်မြို့ထဲကို ထွက်ပြေးတိမ်းရှောင်ဖို့လုပ်နေပြီး တစ်ချို့ကလည်း ကတုတ်ကျင်းထဲမှာပဲ ခိုလှုံနေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
မနေ့ညကလည်း မူဆယ် - မန္တလေးလမ်းမပေါ် နမ့်ခွန်ကျေးရွာက သစ်ကြားသီးခြံရှိ ဗုံးခိုကျင်းထဲမှာ လက်နက်တွေရဲ့အန္တရာယ်ကို တိမ်းရှောင်ရင်း သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာ မြေပိသေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ ၆ ရက်တာ အတွင်းမှာ လက်နက်ကြီးကြောင့် ကလေး ၃ ဦး အပါအဝင် သေဆုံးသူ ၁၄ ဦးရှိပြီး ၃၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။