မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ကျင်းပနေကြ နာမည်ကျော် ကျိုက်နဲရေလယ်ဘုရားပွဲကို လုံခြုံရေးအခြေအနေအရ အခုနှစ်မှာ ကျင်းပသွားမှာ မဟုတ်တော့ဘူးလို့ ဂေါပကနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်ကျေးရွာနဲ့ အံ့ခဲကျေးရွာအကြား ပင်လယ်ပြင်မှ ၁ မိုင် ၆ ဖာလုံအကွာမှာ တည်ရှိနေတဲ့ ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် ညနေမှ ၃ ရက်နေ့ မနက်ပိုင်းထိ စည်ကားသိုက်မြိုက်စွာ ကျင်းပတာ ဖြစ်ပါတယ်။
ကျိုက်နဲရေလယ်ဘုရားပွဲကို အခုနှစ်မှာ တိုက်ပွဲအခြေအနေတွေကြောင့် ဘုရားဖူးတွေရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်မယူနိုင်တာကြောင့် မကျင်းပတော့တာလို့ ဂေါပကအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဘုရားဖူးလာတဲ့ လမ်းတွေမှာက တိုက်ပွဲတွေ ခဏခဏဖြစ်နေပြီး ခရီးသွားပြည်သူတွေ ခဏခဏ ထိနေတယ်။ နောက်ပြီး ဘုရားပွဲမှာ ဘုရားဖူးပြည်သူတွေအတွက် အပေါ်က လုံခြုံရေး အပြည့်အဝ မပေးနိုင်ဘူးလေ။ နောက်တခုက ၂၀၂၁ ခုနှစ်ကလို လှိုင်းပုတ်ပြီး လူသေဆုံးတာတွေ ဖြစ်မှာစိုးလို့ မကျင်းပဖြစ်တော့တာပါ။”
ဘုရားပွဲမကျင်းပတော့ပေမဲ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နဲ့ လပြည့်နေ့တွေမှာ ပဋ္ဌာန်းတရားတော် ပူဇော်တာနဲ့ ဘုရားဆွမ်းကပ်တာတို့ကိုတော့ ပုံမှန်အတိုင်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ကျိုက်နဲရေလယ်ဘုရားရဲ့ ထူခြားချက်မှာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့ မနက်မှာ ကမ်းခြေမှ ဘုရားအထိ လမ်းလျှောက်သွားနိုင်တဲ့ ကျောက်တန်းလမ်း (ဒေသခံများအခေါ် နတ်လမ်း) တခုဟာ ဒီရေကျချိန် ပေါ်လာတတ်ပြီး အဲဒီအချိန်မှာ ဘုရားဖူးပြည်သူ ၁ သောင်းနီးပါး လာရောက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားဖူးပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို တာဝန်မယူနိုင်တာကြောင့် ၂၀၂၂ ခုနှစ်ကလည်း ကျိုက်နဲရေလယ်ဘုရားပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။
၂၀၂၁ ခုနှစ်က ကျိုက်နဲရေလယ်ဘုရားပွဲတော် ကျောက်ခင်းလမ်း (နတ်လမ်း) မှာ ဘုရားဖူးတွေ လမ်းလျှောက်သွားနေချိန် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်တာကြောင့် ဘုရားဖူးပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။