စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီးနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်ပစ်ဗုံးနှစ်လုံးပါ သိမ်းဆည်းရခဲ့မိတယ်လို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်က ရွှေဘိုမြို့အတွင်း ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး ငွေတွေ လုယူသွားခဲ့တဲ့အတွက် အဲဒီပျူစောထီး ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက သတင်းအချက်အလက် ရယူစုံစမ်းခဲ့ရာကနေ နိုဝင်ဘာ ၂ ရက် မနက် ၁၀ နာရီခွဲမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်နှစ်ဦးမှာ မကွေးမင်းမင်းနဲ့ ပျူစောထီး ဒုခေါင်းဆောင် ရန်ကုန်တင်ဝင်း တို့ ဖြစ်ကြပြီး ရွှေဘိုမြို့နယ် ဇီးကုန်းလေးကျေးရွာကဖြစ်ကြောင်း သိရပါတယ်။
ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “မြို့ပေါ်ထိတက်ပြီး လုယက်မှတော့ သတင်းက အတိအကျနဲ့ လိုက်ဖို့လွယ်သွားတယ်။ တဆင့်ပြီးတဆင့် ပြန်ကြားရတော့ ဖမ်းဖို့ မစ်ရှင်ချ စုံစမ်းခဲ့တယ်။ ဖမ်းတဲ့အချိန်မှာလည်း ခက်ခက်ခဲခဲ ဖမ်းရတာ။ အဲ့ကောင်တွေနှစ်ယောက်က လက်ပစ်ဗုံးနဲ့ ပြန်ထုဖို့လုပ်ပေမဲ့ လက်ဦးမှု ရယူနိုင်ခဲ့လို့ ကျနော်တို့လည်း ဘာမှမဖြစ်ဘဲ သူတို့ကို ဖမ်းနိုင်ခဲ့တာ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီးတွေကို စစ်ဆေးခဲ့ရာက ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ပျူ ၂ ဦးကို သက်သေခံပစ္စည်းတွေနဲ့တကွ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အကြောင်းကြားအပ်နှံခဲ့ပြီး တရားဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပျူစောထီးတွေကို စုံစမ်းဖမ်းဆီးခဲ့မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား၊ War Lord Defence Force၊ ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလူးညီနောင် နယ်မြေခံပကဖတို့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။