ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း အရပ်သား ၃ ဦးကို ဖမ်းဆီးထားပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ CDF မင်းတပ်က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးခဲ့ရာ တဦးသေဆုံး၊ တဦးပြန်လွတ်လာပြီး ကျန်တဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အရပ်သားဟာ စေတနာ့ဝန်ထမ်း ကျောင်းဆရာတဦးဖြစ်ပြီး စစ်ကောင်စီတပ်က နှိပ်စက်တဲ့အတွက် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၂၃ ကြိမ် ပစ်ခတ်ခဲ့ပြီး လူနေအိမ် ၆ လုံးနဲ့ ဆိုင်ကယ် ၂ စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
CDF-မင်းတပ် တာဝန်ရှိသူက “CDF ဘက်က မြို့အဝင်အထွက်ကို ပိတ်ထားတဲ့အတွက် စစ်ကောာင်စီက မြို့ခံတွေကို ဖမ်းဆီးတာတွေ လုပ်တယ်။ သူတို့စခန်းနဲ့ နီးတဲ့နေရာတွေ၊ လူသွားလမ်းတွေမှာ မိုင်းတွေထောင်တယ်။ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် ည ၁၁ နာရီမှာ မင်းတပ်မြို့အတွင်းက အရှေ့ပြင်မှာလည်း CDF-မင်းတပ်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။