ထိုင်ဝမ်ရေလက်ကြားကို တရုတ်စစ်လေယာဉ် အစီး ၂၀ ဖြတ်ပျံနေတာတွေ့ရပြီးတဲ့နောက် နိုဝင်ဘာ ၂ ရက်မှာ ထိုင်ဝမ်လေတပ်ကလည်း တိုက်လေယာဉ်တွေ ပျံတက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်ရဲ့ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်တောင်ဘက် လေကြောင်းရန်ကာကွယ်ရေး ဖော်ထုတ်ရေးဇုန် (ADIZ) ထဲကို နိုဝင်ဘာ ၂ ရက် မနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်ခဲ့တာတွေက တိုက်လေယာဉ်တွေနဲ့ ဒရုန်းယာဉ်တွေလို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ နိုဝင်ဘာ ၁ ရက်ကလည်း ထိုင်ဝမ် ကျွန်းနားကို စစ်လေယာဉ် ၄၃ စင်းနဲ့ သင်္ဘော ၇ စင်း စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောကြားခဲ့ပြီး ဒါဟာ ထိုင်ဝမ်အပေါ် နှောင့်ယှက် ခြိမ်းခြောက်မှု စစ်ဆင်ရေးကို တရုတ်ပြည်မကြီးအစိုးရက လက်မလျှော့တဲ့ နောက်ဆုံး လက္ခဏာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ စစ်သတင်းတွေကို စုစည်းဖော်ပြနေတဲ့ အမေရိကန်အခြေစိုက် နေဗီတိုင်းမ်စ် သတင်းဌာနက ရေးပါတယ်။
တရုတ်ဟာ ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်း နှစ်ဖက်ကြား အလွတ်သဘော ပိုင်းခြားမှုအဖြစ် သတ်မှတ်ထားတဲ့ မျဉ်းကို အသိအမှတ်မပြုတော့ဘူးလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်က အခြေအနေကို စောင့်ကြည့်ခဲ့ပြီး ဂျက်တိုက်လေယာဉ်တွေ၊ သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။
မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေ၊ အပါအဝင် တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ စံနှုန်းအားလုံးကို တုံ့ပြန်ဆောင်ရွက်ခဲ့တယ်လို့လည်း ထိုင်ဝမ်က ပြောခဲ့ပါတယ်။
တရုတ်လေယာဉ်တွေဟာ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပေမယ့် ထိုင်ဝမ် လေပိုင်နက်ကိုတော့ ဖြတ်ကျော်တာ မလုပ်ခဲ့ပါဘူး။
အမေရိကန်ဖျက်သင်္ဘော USS ရာဖှယ် ပေရယ်လ်တာနဲ့ ကနေဒါတော်ဝင်ရေတပ်ရဲ့ ဖရီးဂိတ်အမျိုးအစား တိုက်သင်္ဘော HMCS အော့တဝါတို့ဟာ ထိုင်ဝမ်ရေလက်ကြားကို နိုဝင်ဘာ ၁ ရက်က ဖြတ်သန်းခဲ့တယ်လို့ အမေရိကန်ရဲ့ အမှတ် ၇ ရေတပ် စစ်သင်္ဘော အုပ်စုက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ဒါ့အပြင် ဇွန်လက စပြီး ဒေသတွင်းမှာ သူတို့ရဲ့ တတိယမြောက် ပူးတွဲဖြတ်သန်းသွားလာမှုကို အမှတ် ၇ ရေတပ် စစ်သင်္ဘော အုပ်စုက လုပ်ဆောင်ခဲ့တယ်လို့ ကနေဒါ အခြေစိုက် ဂလိုဘယ်နယူးစ် သတင်းဌာနမှာ ဖော်ပြပါတယ်။
တရုတ်ရဲ့ ရှန်တုန်း လေယာဉ်တင် သင်္ဘောပါ တိုက်သင်္ဘောအုပ်စုဟာ ထိုင်ဝမ်တောင်ဘက် ရေပြင်ကိုဖြတ်ပြီး ပါးရှိ ရေလက်ကြားကိုဖြတ်ရင်း အနောက်ပစိဖိတ်သမုဒ္ဒရာထဲကို ဝင်ရောက်ခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်က ထိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) က ပြောပါတယ်။
တိုက်သင်္ဘောအဖွဲ့မှာ ရှန်တုံး လေယာဉ်တင်သင်္ဘော၊ ဖရီးဂိတ်သင်္ဘော ငါးစင်း၊ ထောက်ပံ့ရေး သင်္ဘောတစ်စင်းနဲ့ ရေငုပ်သင်္ဘောလို့ ယူဆရတဲ့ သင်္ဘော တစီးတို့ အပါအဝင် သင်္ဘော ခုနစ်စင်း ပါတယ်လို့ TVBS သတင်းဌာန က ဖော်ပြပါတယ်။
Source/Photo-Reuters