ပြင်သစ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ ဝင်ရောက်တိုက်ခတ်တဲ့ ကီးရန်မုန်တိုင်းကြောင့် လူ ၁ ယောက် သေဆုံးသွားပြီး အိမ်ထောင်စုပေါင်း သန်းနဲ့ချီ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။
ဘရစ်တန်နီနဲ့ နော်မန်ဒီ ဒေသတချို့မှာ လေပြင်းတိုက်ခတ်မှုအတွက် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပြီး အနောက်မြောက်ပိုင်းရှိ ကျန်ဒေသတွေမှာတော့ လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဖွန်းဒူဟွာ တံတိုင်းမှာ လေတိုက်နှုန်း တနာရီမှာ ၂၀၇ ကီလိုမီတာနှုန်း ရှိတယ်လို့ မှတ်တမ်းတင်ထားတဲ့ ဘရစ်တန်နီပြည်နယ်ရှိ ဖှီးနီးစတဲ နယ်မြေမှာ လူ ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဆက်ရှိနေတာကြောင့် နောက်ထပ်အသိပေးခြင်း မရှိခင်အထိ လမ်းအသွားအလာ တားမြစ်ထားပါတယ်။
ပါရီမြို့ အရှေ့မြောက်ဘက်ရှိ အဲန်နယ်မြေမှာ ထရပ်ကားပေါ်ကို သစ်ပင်တပင် လဲကျခဲ့တာကြောင့် ထရပ်ကားမောင်းသူတဦး သေဆုံးခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ကလေးမန့် ဘုန်းက ပြောကြားခဲ့ပြီး "လမ်းပေါ်မှာ အန္တရာယ်အလွန်မြင့်မားကြောင်း” အလေးပေး ပြောဆိုသွားပါတယ်။
မုန်တိုင်းကြောင့် အိမ်ထောင်စု ၁ ဒသမ ၂ သန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီး အန်ညက်စ် ပနဲဟူနာရှဲက လူမှုကွန်ရက် X မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters