ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-မော်လမြိုင် လမ်းတလျှောက်ရှိ စစ်ကောင်စီဂိတ်စခန်း ၁၅ ခုလောက်ဟာ ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေဆီက ငွေကြေး မတရားတောင်းခံနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသည်တင်ကား မောင်းနှင်နေသူတွေထံက သိရပါတယ်။
ရန်ကုန်-မော်လမြိုင်လမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်တွေဟာ ခရီးသည်ကားတွေကို ရပ်ခိုင်းပြီး စစ်ဆေးနေချိန်အတွင်း ငွေကြေးမပေးဆောင်ပါက တကားလုံး မွှေနှောက်စစ်ဆေးတဲ့အပြင် ခရီးသည်တွေကိုပါ ပြဿနာရှာတယ်လို့ ခရီးသည်တင်ကား မောင်းနှင်သူတဦးက ပြောပါတယ်။
“ခုမှစလုပ်တဲ့ စပယ်ယာတို့ ယာဉ်မောင်းတို့အပြင် အလိုက်မသိတဲ့သူတွေဆို ရှယ်ရစ်ခံရပြီ။ ပိုက်ဆံမပေးမချင်း ပေးမသွားဘဲ အရင်ဆုံး ဘောက်တွေစစ်ခိုင်းတယ်။ နောက်ပြီး မှတ်ပုံတင်မပါတဲ့ ကားစီးတဲ့သူတွေ အဝေးသူတွေကိုလည်း လိုက်ရစ်တာ။ အခုဆို သူတို့တွေ့တာနဲ့ ဂိတ်ပေါ်မူတည် ငါးထောင်၊ တသောင်း ကိုင်ထားရပြီ။ ခရီးစဉ်တလျှောက်ဆို BGF နဲ့ ရဲတဂိတ်စီပဲရှိပြီး ကျန်တာကတော့ စစ်တပ်ဂိတ်တွေချည်းပဲ။ အားလုံး စုစုပေါင်းဆို ၁၅ ဂိတ်လောက်ရှိတယ်ဆိုတော့ ခရီးစဉ်တကြောင်းကို တစ်သိန်းလောက်ကုန်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဂိတ်တွေက ငွေကြေးကောက်ခံတာအပြင် စက်သုံးဆီဈေးတွေ မကျတာကြောင့် မော်လမြိုင်-ရန်ကုန် ကားခဟာ ကျပ် ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိရှိနေပြီး အရင်ကထက် ၁၀,၀၀၀ နီးပါး ဈေးတက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ကားတွေကို စစ်ဆေး ငွေညှစ်နေသလို ကိုယ်ပိုင်ကားတွေနဲ့ မှတ်ပုံတင်မပါရှိတဲ့သူတွေပါ ခြိမ်းခြောက် ငွေတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။
“ကိုယ်ပိုင်ကားတွေက လိုင်စင်ပါမပါ စစ်တယ်။ နောက်ပြီး တင်လာတဲ့ ပစ္စည်းတွေပေါ် မူတည်ပြီး ပိုက်ဆံကောက်တာတွေရှိတယ်။ အဲ့ဒါက ဂိတ်တိုင်းမဟုတ်ပါဘူး၊ ဂိတ်တချို့လောက်ပါပဲ။ ခရီးသည်တင်ကားနဲ့သွားတဲ့ ခရီးသည်တွေက မှတ်ပုံတင်မပါရင် သုံးသောင်း၊ ငါးသောင်း တောင်းတယ်။ ပုံမှန်ဆို မော်လမြိုင်ကနေ ပဲခူးလောက်ထိသွားရင် လမ်းမှာ မှတ်ပုံတင်စစ်တဲ့ဂိတ် မရှိတော့ ကားဂိတ်တွေက မတောင်းကြဘူးလေ။ ခုကြတော့ သူတို့တောင်းစရာမရှိရင် အဲ့ဒါနဲ့ ငွေညှစ်တယ်။”
စစ်တပ်အာဏာမသိမ်းခင်က မော်လမြိုင်-ရန်ကုန် ကားလမ်းပိုင်းမှာ ကျိုက်ထို မရမ်းချောင်ဂိတ်တခုသာ ရှိပေမဲ့ အခုအခါ စစ်ကောင်စီဂိတ်စခန်း ၁၅ ခုထက်မနည်း ရှိပါတယ်။