မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက်မှာ နိုဝင်ဘာ ၂ ရက် ဒီနေ့မနက် အစောပိုင်းက မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲက ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက်မှာရှိတဲ့ ဆေးဆိုင်လာဖွင့်စဥ် အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သေနတ်နဲ့ပစ်တာ ၂ ချက်၊ ကျောဘက်ကနေ ဖောက်ဝင်သွားတာ၊ ကျောက်ဆည်ဆေးရုံကို ပို့တာ မရလို့ မန္တလေးဆေးရုံကြီးကို ပို့လိုက်ရတယ်၊ စိုးရိမ်ရတယ်။”
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ကျောက်ဆည်မြို့နယ် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်မင်းဦး ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ညွှန်မှူးက အခြေအနေမကောင်းဘူး။ အဲဒါကြောင့် နန်းတွင်းစစ်ဆေးရုံကို လွှဲပေးလိုက်ပြီ။ စစ်တပ်နဲ့ ရဲက ပိတ်ဆို့ပြီးရှာတယ်။ ဒါပေမဲ့ လာပစ်တဲ့သူကို မမိဘူး။”
လတ်တလောမှာ ကျောက်ဆည်မြို့အဝင်နဲ့ ပစ်ခတ်မှုဖြစ်ရာ တံစိုးဂိတ်ရပ်ကွက်မှာ စစ်ကောင်စီတပ်တဲ့ ရဲတွေက ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့ နှစ်ကြိမ်ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်။