ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တွေ ၂၄ နာရီ ဖြတ်သန်းအသုံးပြုခွင့် ပေးလိုက်တာကြောင့် ညကားတွေ ပြန်ပြီးပြေးဆွဲဖို့ အဝေးပြေးယာဥ်လိုင်းတချို့ စီစဥ်နေတယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းထံက သိရပါတယ်။
အမြန်လမ်းမှာ ညအချိန် ဖြတ်သန်းအသုံးပြုခွင့် ကန့်သတ်ချက်တွေကြောင့် အဝေးပြေး ခရီးသည်တင်ယာဥ်တွေအနေနဲ့ ညဘက်ကားတွေ ချိန်ဆပြေးဆွဲခဲ့ရတာဖြစ်တယ်လို့ ယာဥ်လိုင်းတာဝန်ခံတွေက ဆိုပါတယ်။
ရန်ကုန်-မကွေး ယာဥ်လိုင်းတာဝန်ခံတဦးက “၂၄ နာရီ ဖြတ်သန်းခွင့်ပြန်ရတာ သုံးလေးရက်လောက်တော့ရှိပြီ။ အထွက်က ကိစ္စမရှိပေမဲ့ ရန်ကုန်အဝင်မှာ မာရှယ်လောအချိန် ပေးမဖြတ်လို့ ဇီးရိုးမိုင်မှာ ကားတွေရပ်စောင့်နေရတဲ့ ပြဿနာတော့ရှိတယ်” လို့ ပြောပါတယ်။
အမြန်လမ်းမှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ယာဥ်ဖြတ်သန်းခွင့်မပြုတဲ့ ကန့်သတ်ချက်တွေကြောင့် အဝေးပြေးကားတွေအနေနဲ့ ၁၁၅ မိုင်၊ မိတ္ထီလာ စတဲ့ သတ်မှတ်နေရာတွေမှာ ညအိပ်စောင့်ရပြီး မနက် ၄ နာရီမှ ဆက်ထွက်ကြရတာလို့ ဆိုပါတယ်။
အခုလို အချိန်ကန့်သတ်ချက် မထားတော့တဲ့အတွက် ညပိုင်းကားတွေ အချိန်ပြောင်း ထွက်လာနိုင်မယ့် အခြေအနေ ရှိတယ်လို့လည်း အဝေးပြေးယာဥ်မောင်းတဦးက ပြောပါတယ်။
“အခုထိတော့ ညနေ ၄ နာရီ၊ ၅ နာရီကားတွေက နောက်ဆုံးထွက်တဲ့ အနေအထားရှိတယ်။ လိုင်းတချို့ကတော့ ထွက်ချိန်တွေ ပြန်ပြင်ဖို့ စီစဥ်နေကြတယ်။ ဟိုအရင်လို ညကားတွေ ပြန်များလာနိုင်တယ်။”
လက်ရှိမှာ ရန်ကုန်ကနေ နယ်အသီးသီးကို နေ့စဥ်ပြေးဆွဲနေတဲ့ အဝေးပြေးကားစီးရေ ၈၀၀ နီးပါးရှိပြီး တရက်ကို ခရီးသည် ၁၅,၀၀၀ နီးပါး လိုက်ပါလေ့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။