အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဘာ့ဂ်အာကာသတပ်ဖွဲ့ အခြေစိုက်စခန်းကနေ မိနစ်မန်းသရီး ဒုံးကျည်တစင်းကို လွှတ်တင်ပြီးတဲ့နောက် ပစိဖိတ်သမုဒ္ဒရာအတွင်း နိုဝင်ဘာ ၁ ရက်မှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ အမေရိကန်လေတပ်က ပြောပါတယ်။
ဒုံးကျည်လွှတ်တင်ရာမှာ မူမမှန်တာတခုဖြစ်ခဲ့ပြီး လေတပ်က အသေးစိတ် မဖော်ပြထားပေမဲ့ စုံစမ်းစစ်ဆေးဖို့ အဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
ဗိုလ်ကြီး လော်ရန် လင်းစကောက်ထ်က “လေတပ်စခန်းဌာနချုပ်ဟာ စမ်းသပ်မှုတိုင်းက သင်ခန်းစာတွေကို လေ့လာနေတယ်” လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
လေတပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေးဌာနချုပ်က ဒီပစ်လွှတ်မှုကနေ အချက်အလက်တွေကို စုဆောင်းတာဟာ မိနစ်မန်းသရီး ဒုံးကျည်ရဲ့ ဆက်လက်ယုံကြည်စိတ်ချရမှုနဲ့ တိကျမှုကို သေချာစေဖို့ လက်နက်စနစ်ဆိုင်ရာ ပြဿနာတွေကို ဖော်ထုတ်ပြီး ပြုပြင်နိုင်စေဖို့ပါလို့ သူက ပြောပါတယ်။
ဘိုးရင်းကုမ္ပဏီက ထုတ်လုပ်တဲ့ နျူးကလီးယားထိပ်ဖူး တပ်ဆင်ပစ်လွှတ်နိုင်စွမ်းရှိတဲ့ မိနစ်မန်းသရီးဟာ အမေရိကန်စစ်တပ်ရဲ့ ဗျူဟာမြောက် လက်နက်တိုက်အတွက် အဓိကသော့ချက်ပါ။
ဒုံးကျည်ဟာ အကွာအဝေး မိုင် ၆,၀၀၀ ကို ပစ်လွှတ်နိုင်စွမ်းရှိပြီး အမြန်နှုန်း တနာရီ မိုင် တသောင်းခွဲနှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ဒုံးကျည် ၄၀၀ လောက်ဟာ ဝိုင်အိုမင်၊ မွန်တာနာ၊ မြောက်ဒါကိုတာပြည်နယ်တို့က လေတပ်အခြေစိုက်စခန်းတွေမှာ တာဝန်ချထားတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
Source/Photo-Reuters