စစ်ကိုင်းခရိုင်အတွင်း ခရီးသွားလာကြတဲ့ ပြည်သူတွေအနေနဲ့ မုံရွာ-မန္တလေး လမ်းပိုင်းနဲ့ မန္တလေး-ရွှေဘို လမ်းပိုင်းတို့ကို ည ၈ နာရီမှ မနက် ၅ နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာခြင်းမပြဖို့ အထူးမေတ္တာရပ်ခံ ပန်ကြားပါတယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂ ရက်မှာ ထပ်မံအသိပေး ထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “မြေပြင် တော်လှန်ရေး အင်အားစုတွေက ည လမ်းပိုင်းကို ပုံမှန်ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တခုပါ။ အခု စစ်ရေးအခြေအနေက ပိုပြီးတင်းမာလာတယ်လို့ပဲ ပြောရမလား၊ လမ်းပိုင်း ကြိုတင် ပြင်ဆင်မှုတွေ ပိုရှိလာတဲ့အတွက် ပြည်သူတွေ လိုက်နာမှုပိုရှိအောင် မြို့နယ် ပကဖ အနေနဲ့ ထပ်ပြီး ထုတ်ပြန်ပေးတာဗျ။ တော်လှန်ရေးအင်အားစုတွေ တဖွဲ့ချင်း ထုတ်ပြန်နေတဲ့အပေါ် ပြည်သူ ခရီးသွားတချို့က မလိုက်နာတာတချို့ ရှိပါတယ်။ အခုက မြေပြင် ပြင်ဆင်မှုတွေ တကယ်ရှိနေတဲ့ မြို့နယ် ပကဖ အနေနဲ့ တရားဝင် ထုတ်ပြန်ပေးတာပါ။ ပြည်သူတွေ အန္တရာယ်ကင်းစေချင်လို့ပါ။ စကစ စစ်ကားတွေနဲ့ ရောထွေးမှု မရှိစေချင်လို့ပါဗျ။ စစ်ကောင်စီကလည်း အရပ်သားပြည်သူရဲ့ကားတွေ အသုံးပြုလာတာ များလို့ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ခရီးသည်တင်ကားများ၊ ကိုယ်ပိုင်ကားများ၊ ကုန်တင်ယာဉ်များ၊ အငှားယာဉ်များ အားလုံး ရောက်တဲ့နေရာမှာ ညအိပ်ရပ်နားကြဖို့ မေတ္တာရပ်ခံပါကြောင်း၊ ညအိပ်ရပ်နားခြင်းမပြုဘဲ ဆက်လက်မောင်းနှင်မယ် ဆိုပါက မိမိတို့ရဲ့တာဝန်သာ ဖြစ်ကြောင်း သိစေအပ်ပါတယ်လို့ ဆိုပါတယ်။