အောက်တိုဘာ ၂၇ ရက်က စတင်လိုက်တဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့ကို ရောက်ရှိတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၈၇ ခုကို သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။ ကိုးကန့်၊ TNLA နဲ့ Operation 1027-3BHA ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကို ကြည့်လိုက်ရင် စခန်းသိမ်းနိုင်တာတွေက နေ့စဉ်။ ရှမ်းမြောက်ဒေသတင်မက စစ်တပ်က ထိုးစစ်ဆင်နေလို့ ခုခံတော်လှန်နေတဲ့ ကချင်ဒေသမှာပါ ခုခံစစ်ကနေ ထိုးစစ်အဖြစ်သို့ ပြောင်းပြန်ချိန်းကာ စခန်းတွေတောင် သိမ်းပိုက်နေပြီဆိုတော့ မရဏခေါင်းလောင်းထိုးသံကို နေပြည်တော်က စစ်ဗိုလ်ချုပ်တွေ ကြားရလောက်ပြီလို့ ထင်ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာအတွင်း စခန်း ၈၇ ခုကို သိမ်းနိုင်ခဲ့တာဆိုတော့ တရက်ကို စခန်း ၁၇ ခုကျော် သိမ်းလိုက်နိုင်တဲ့သဘော။ ချွန်းဖွင့်ထွက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးကို အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းနဲ့ အမြောက်ပစ်အားတွေနဲ့ တန်ပြန်ရိုက်ချိုးဖို့ ကြိုးစားပေမဲ့ မတတ်နိုင်။ မြေပြင်စစ်သားတွေ အတုံးအရုံးသေ၊ သိမ်းဆည်းရမိတဲ့ လက်နက်တွေကလည်း အောတိုက်။ အဆိုးရွားဆုံးအခြေအနေက စခန်းတွေ တခုပြီးတခု အသိမ်းခံရရုံတင်မက လက်နက်ချ အလင်းဝင်သူတွေလည်း များလာနေခြင်းပါပဲ။
ကိုးကန့် MNDAA ရဲ့ နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ ဦး သေနတ် ၁၆ လက်နဲ့အတူ အလင်းဝင်လာ။ အဲဒါထက် ပိုစိတ်ဝင်စားဖွယ် သတင်းတပုဒ်က ကွမ်းလုံမြို့နယ်တောင်ပိုင်း၊ ကံမိုင်းဒေသအခြေစိုက် ခလရ-၁၄၃ က ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး ၂ ဦး အပါအဝင် စစ်သားစုစုပေါင်း ၄၁ ဦး စခန်းလုံးကျွတ် လက်နက်ချ အလင်းဝင်ခြင်းဖြစ်ပြီး အလင်းဝင်စစ်သားတွေအတွက် လမ်းစရိတ်အဖြစ် တဦးကို ကျပ် ၁၅ သိန်းပေးကာ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း MNDAA က ထုတ်ပြန်ထားပါတယ်။
ဒုတပ်ရင်းမှူးလည်းပါ၊ ၄၁ ဦးဆိုတဲ့အားက နည်းနည်းနောနော မဟုတ်။ ဒါဟာ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ အာဏာရရှိရေးအတွက် အသေခံတိုက်စရာမလိုကြောင်း စစ်တပ်အတွင်း ရိုက်ခတ်မှု ကြီးကြီးမားမားဖြစ်စေသလို အသေမခံနဲ့၊ အလင်းဝင်ကြလို့ လမ်းပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ အသက်မသေလိုတဲ့ စစ်သား ၁၀၀ ကျော် အလင်းဝင်လာခဲ့ကြောင်း၊ တချို့က ညီနောင် ၃ ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တွေဆီ ဆက်သွယ်ကာ လက်နက်အပ်ကြသလို တချို့ကတော့ သူတို့ရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေကတဆင့် ဆက်သွယ်လာတာကြောင့် စစ်တပ်လက်ထဲက လွတ်မြောက်အောင် ကူညီပေးခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် အလင်းဝင်စစ်သားတွေရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို အထူးအာမခံချက်ပေးကြောင်းနဲ့ ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘူးလို့လည်း ညီနောင် ၃ ဖွဲ့က အာမခံတဲ့အပြင် မိသားစုနဲ့ ပေါင်းစည်းရေးအတွက် အတတ်နိုင်ဆုံး ကူညီသွားမယ်လို့လည်း ဆိုပါတယ်။
စစ်သား ၄၁ ဦး အလင်းဝင်ခြင်းဟာ စစ်တပ်အတွက် ဂယက်ကြီးခဲ့ပုံရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအလင်းဝင်မှုကို တန်ပြန်ဟန့်တားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုဝင်ဘာ ၁ ရက်မှာ စစ်တပ်ထောက်ခံ တယ်လီဂရန်ချန်နယ်တွေက နောက်တလှမ်းဆုတ် ဝါဒဖြန့် လမ်းညွှန်ချက် ပေးလာခြင်းကြောင့်ပါပဲ။
စစ်တပ်ထောက်ခံ တယ်လီဂရန်ချန်နယ်တွေက စစ်တပ်ရဲ့ဆောင်ပုဒ်တခုဖြစ်တဲ့ ‘ငါမသေ ငါ့စခန်းမကျစေရ’ အစား တပ်စခန်းစီးနင်းခံရပြီး ခုခံဖို့ရာ မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင် ဆိုတဲ့ လမ်းညွှန်ချက် ပေးပါတယ်။ အဲဒီလမ်းညွှန်ချက်ကို ထပ်ဖြည်ကြည့်လိုက်ပါက မနိုင်ရင် ပြေး၊ အလင်းတော့မဝင်ကြနဲ့လို့ ဆိုလိုဟန်တူပါတယ်။ ပြောရရင် အုံလိုက်ကျင်းလိုက် အလင်းဝင်တာတွေ များလာမှာကို တွေးကြောက်ကာ ပြိုကျလာမယ့် ရေကာတာကို ရသလောက် လက်နဲ့ လိုက်ပိတ်နေခြင်းပါပဲ။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာအတွင်း သိသာထင်ရှားတဲ့ အရေးကြီးအချက်က တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင်လာရင် ဒေသအလိုက် ဘယ်လိုခုခံကာကွယ်မလဲ ဆိုတာကို စနစ်တကျ ရေးဆွဲထားတဲ့ စီမံချက် စစ်တပ်မှာ မရှိခြင်းပါပဲ။ အဲဒီလို မရှိခြင်းကြောင့်ပဲ ရှမ်းမြောက်မှာ အငိုက်မိပြီး ထိုးစစ်ဆင်ခံရတာ ၅ ရက်တိုင်အောင် မကာနိုင်ဘဲ စခန်းတွေ တခုပြီးတခု ထိုးအပ်နေရခြင်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်တွေက သူတို့စစ်တပ်ကို ဘယ်တော်လှန်ရေးအင်အားစုကမှ ဖြိုခွင်းနိုင်ခြင်းမရှိဘူးလို့ အစဉ်အဆက် ယုံကြည်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေ ယုံကြည်ရလောက်အောင်လည်း နှစ်ပေါင်းရှည်ကြာ အလံထူမပျက်ခဲ့တာလည်း လက်တွေ့ပါပဲ။ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လုံးဝမရှင်းနိုင်ခဲ့ပေမဲ့ သူတို့စစ်တပ်ဟာလည်း မဟာဗျူဟာမြောက် ခြိမ်းခြောက်ခံရခြင်းမျိုး ၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တကြိမ်မျှ မကြုံခဲ့ရပါဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျောင်းသားတပ်မတော် ABSDF ဆိုတာ ပေါ်ပေါက်လာခဲ့ပေမဲ့ စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပါဘူး။
အခု နွေဦးတော်လှန်ရေးရောက်မှသာ ဒေသများစွာမှာ များပြားလှတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ခုခံတော်လှန်စစ်နဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့ နွေဦးတော်လှန်ရေးရဲ့ ၂ နှစ်ခွဲကျော် ကာလအတွင်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကို တော်လှန်ရေးအင်အားစုတွေက ခုခံမှုအလီလီနဲ့ ပြောက်ကျားတိုက်ခိုက်မှုသာ တုံ့ပြန်နိုင်ခဲ့ပြီး ထိုးစစ်ဆင်နိုင်မှု ပါးရှားခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံစစ်ဟာ စစ်သားတွေကို နေ့စဉ် တဖြုတ်ဖြုတ်သေစေခဲ့ပေမဲ့ ဘဝင်မြင့်နေတဲ့ စစ်ခေါင်းဆောင်တွေက လက်နက်အင်အား သာလွန်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို အကြောက်အလန့်မရှိ ကျူးလွန်ရဲမှုတွေအရ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ဆိုတာကို အိပ်မက်ထဲတောင် ထည့်မက်ခဲ့ဟန် မတူပါဘူး။
အဲဒီလို အိပ်မက်တောင် မမက်ခဲ့တဲ့ အကျိုးဆက် အခု ၁၀၂၇ စစ်ဆင်ရေး စတင်တော့ စစ်ခေါင်းဆောင်တွေ အိပ်မက်ဆိုး မက်ရတော့တာပါပဲ။ ရှမ်းမြောက်မှာ ၅ ရက်စလုံး ဖရိုဖရဲဖြစ်နေတဲ့ စစ်တပ်ဟာ ကချင်ဒေသမှာ ကေအိုင်အေထိုးစစ်နဲ့ တွေ့တဲ့အချိန်မှာလည်း တပ်စခန်းတွေ ထိုးအပ်လိုက်ရခြင်းနဲ့သာ တုံ့ပြန်နိုင်ခဲ့ပါတယ်။
စစ်မျက်နှာ ၂ ခုမှာ ရူးချင်ချင်ဖြစ်နေတဲ့ စစ်တပ်အနေနဲ့ နောက်ထပ် စစ်မျက်နှာသစ် ထိုးစစ်တွေ ထပ်ဝင်လာမယ်ဆိုရင်ရော ဘယ်လိုတုံ့ပြန်မှာပါလဲ။ ထိုးစစ်တွေ အပြိုင်ဝင်ခဲ့မယ်ဆိုရင်ရော ဘယ်ကစစ်သားတွေကို ဘယ်လိုခေါ်ပြီး ခုခံနိုင်စွမ်းမှာလဲ။
အခု ရှမ်းမြောက်မှာ အကြမ်းဖက်စစ်တပ် ဟက်တက်ကွဲနေစဉ် မင်းအောင်လှိုင် လုပ်နိုင်တာဆိုလို့ နေပြည်တော်ရောက်နေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟုန်ကို ညီနောင် ၃ ဖွဲ့ရဲ့ ထိုးစစ်အကြောင်း ခြေသလုံးဖက် တိုင်ကြားခြင်းသာ ရှိပါတယ်။ ဒါပေမဲ့ ညီနောင် ၃ ဖွဲ့ရဲ့ သန္နိဋ္ဌာန်ဟာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် မပျက်ပြယ်နိုင်ဘူးလို့ ထင်သလို တရုတ်ကရော ဖိဖိစီးစီးနဲ့ ဖိအားပေးပါ့မလားဆိုတဲ့ မေးခွန်းကလည်း ရှိနေပါတယ်။
သေချာတာကတော့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေအတွက် ဒေသအလိုက် တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကို ဘယ်လိုခုခံမလဲဆိုတဲ့ စီမံချက် ရေးဆွဲဖော်ဆောင်ဖို့ဆိုတာ နောက်အကျကြီး ကျနေပါပြီ။ နောက်မကျသေးတဲ့ စီမံချက်တရပ်ကတော့ နေပြည်တော်ကနေ ဘယ်လမ်းကြောင်းနဲ့ ဘယ်နိုင်ငံကို ထွက်ပြေးမလဲ ဆိုတာပါပဲ။