မလေးရှားနိုင်ငံကို ပို့ဆောင်မယ့် ကျပ်ဘီလီယံ ၁၀၀ ကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတဲ့ စက်လှေတစီးကို အောက်တိုဘာ ၃၀ ရက်က ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုကာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့လုပ်တဲ့ အဆိုပါစက်လှေကို ကော့သောင်းမြို့ရဲ့ အနောက်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပြီး GUANYINWANG စာတန်းပါ အထုပ်တွေအတွင်းက ကာလတန်ဖိုး ကျပ်ငွေ ၁၀၄ ဘီလီယံခန့်ရှိတဲ့ အိုက်စ် ၂၆၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်လှေပေါ်ပါလာသူ ၇ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့ပြီး မလေးရှား ရေပိုင်နက်အတွင်း ရောက်ရှိပါက အဲဒီမူးယစ်ဆေးဝါးတွေကို ဝယ်ယူသူတွေထံ လွှဲပြောင်းပေးရမှာဖြစ်ကြောင်း တရားခံတွေက ထွက်ဆိုထားပါတယ်။
ထွက်ဆိုချက်အရ တရားခံပြေး ညီညီကနေ မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ချိတ်ဆက်ကာ ပင်လယ်ရေကြောင်းကနေ မလေးရှားနိုင်ငံဘက်ကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်နေတာဖြစ်ကြောင်း ဖော်ထုတ်သိရတယ်လို့ဆိုပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းတာတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးတွဲ လုပ်ဆောင်လာတာကြောင့် မူးယစ်ဂိုဏ်းတွေမှာ ပင်လယ်ရေကြောင်း အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းကို ပြောင်းလဲအသုံးပြုလာတယ်လို့ နိုဝင်ဘာ ၂ ရက် ဒီနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပါတယ်။