Home
နိုင်ငံတကာ
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို လေးစားလိုက်နာရန် ကုလတောင်းဆို
DVB
·
November 2, 2023
Gaza_02112023

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြားမှာ အရပ်သားတွေ ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေရတာကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာပေးဖို့ အနောက်ဘက်ကမ်းရှိ ကုလသမဂ္ဂ အရာရှိတဦးက တောင်းဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂရဲ့ စခန်း ၁၄၉ ခုမှာ အိုးမဲ့အိမ်မဲ့ အရပ်သား ၆၇၀,၀၀၀ လောက် ခိုလှုံနေကြရတယ်လို့ အနောက်ဘက်ကမ်းရှိ UNRWA ရေးရာ ဒါရိုက်တာအဒမ်စီ ဘူလူကော့စ်က ပြောပါတယ်။

“ဘာအဆောက်အဦမှမရှိတဲ့ ခေတ်ပျက်အခြေအနေမျိုး ဖြစ်နေပြီး လူတွေကလည်း စားနပ်ရိက္ခာနဲ့ ရှင်သန်မှုအတွက် အပူတပြင်း ဖြစ်နေကြရတာဟာ အပြစ်မဲ့အရပ်သားတွေ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေပါ။”

ဒုက္ခသည်တွေဟာ အကြမ်းဖက်မှုအန္တရာယ်တွေနဲ့ ကြုံနေရတဲ့အပြင် သောက်သုံးရေနဲ့ အစားအစာ အာဟာရကနေ ဆေးရုံတွေကိုပေးတဲ့ လျှပ်စစ်မီးအထိ အကူအညီ အထောက်အပံ့တွေ ဖြတ်တောက်ခံရမှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာပါ။

ရာဖာနယ်စပ်ဂိတ်ကနေ ဂါဇာကိုဝင်ရောက်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေဟာ နယ်မြေအတွင်း နေထိုင်သူ ၂ သန်းလောက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာဖြစ်ပြီး ပိုဆိုးတာက အစ္စရေးရဲ့ လောင်စာဆီတွေကို ပိတ်ဆို့ထားတာကြောင့် ဂါဇာကမ်းမြောင်က ရေသန့်စက်ရုံတွေကိုလည်း တချိန်လုံး ပိတ်ထားရပါတယ်။

ဒါကြောင့် ရေသန့်စက်ရုံတွေ လည်ပတ်ပြီး လူတွေ ရေရရှိအောင် ကိုယ့်ဘာသာ အားထုတ်ထားရတယ်လို့လည်း ဘူလူကော့စ်က ပြောပါတယ်။

လက်ရှိ ထိပ်တန်းဦးစားပေးမှာ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်္ကြံတွေ လုံခြုံစေသင့်တယ်လို့ ကုလသမဂ္ဂအရာရှိက အလေးပေး ပြောကြားခဲ့ပါတယ်။

စာသင်ကျောင်းမှာ လူထောင်ပေါင်းများစွာ နေထိုင်ရပြီး အိမ်သာအနည်းငယ်ပဲရှိတဲ့ အခြေအနေမှာ ဂုဏ်သိက္ခာမရှိ၊ တကိုယ်ရေသန့်ရှင်းမှုမရှိ၊ ဘေးကင်းသန့်ပြန့်တဲ့ရေလည်း မရှိတာကြောင့် အရပ်သားတွေကို နောက်ထပ် အန္တရာယ်မဖြစ်စေတဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်လို့ ဘူလူကော့စ်က ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့  ၂၅ ရက်မြောက်ဖြစ်တဲ့ အင်္ဂါနေ့အထိ ပြင်းထန်တဲ့တိုက်ပွဲတွေမှာ နှစ်ဖက်စလုံးက သေဆုံးသူ ၁၀,၀၀၀ ကျော် ရှိလာပြီး ဒီအထဲက ၈,၀၀၀ ကျော်ဟာ ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024