ဟောင်ကောင်ရှိ ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်က “နိုင်ငံတိုင်းမှာ သူ့ရဲ့ ပကတိအခြေအနေ၊ လိုအပ်ချက်တွေနဲ့အညီ နိုင်ငံရပ်ခြားရှိ သူ့ရဲ့ ကောင်စစ်ဝန်ရုံးတွေကို တည်ထောင်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းအပေါ် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်”လို့ ပြောပါတယ်။
သတင်းမီဒီယာတွေနဲ့ လေ့လာသူတွေရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယားဟာ စပိန်နဲ့ အာဖရိကရှိ နိုင်ငံအများအပြား အပါအဝင် သံရုံးတဒါဇင်လောက်ကိုလည်း ပိတ်ပစ်ဖို့ ပြင်ဆင်ထားပြီး ကမ္ဘာတဝန်းမှာ ပြုံယမ်းရဲ့ သံရုံးမစ်ရှင်တွေရဲ့ ၂၅ ရာခိုင်နှုန်းနီးပါးကို ပိတ်ထားတာကို မြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ သံရုံးမစ်ရှင်တွေကို လတ်တလောမှာ ပိတ်လိုက်တာဟာ အိမ်တွင်းပုန်းနိုင်ငံဟာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံရပ်ခြားမှာ ငွေရှာဖို့ ရုန်းကန်နေရတဲ့လက္ခဏာ ဖြစ်တယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံပေါင်း ၁၅၉ နိုင်ငံနဲ့ တရားဝင်ဆက်ဆံရေးရှိပေမဲ့ ကောင်စစ်ဝန်ရုံး ၃ ခုနဲ့ ကိုယ်စားလှယ်ရုံး ၃ ခု အပါအဝင် နိုင်ငံရပ်ခြား သံတမန်မစ်ရှင် ၅၃ ခု ရှိပါတယ်။
Source/Photo-Reuters