စစ်ကောင်စီရဲ့ အွန်လိုင်းမှာ ရောင်းမကုန်တာတွေများလို့ အကြိမ်ကြိမ် ပေါက်မဲ ပြန်နှိုက်ရတာကြောင့် ထီဖွင့်ပွဲကို ညနေပိုင်းအထိ လုပ်ခဲ့ရတယ်လို့ ထီလုပ်ငန်း အသိုက်အဝန်းက သိရပါတယ်။
ထီကိုယ်စားလှယ်တဦးက "ဆယ်နာရီကျော်လောက်ကစလိုက်တာ နေ့တပိုင်းလောက်ကို ကြာသွားတယ်။ ထီရုံးကသူတွေနဲ့ တော်ရုံလူလောက်ပဲ ဆက်စောင့်ကြည့်ခဲ့ကြတာ။ ပုံနှိပ်ထီဖွင့်ပွဲ ပြီးတော့ ပြန်ကုန်ကြတယ်" လို့ ပြောပါတယ်။
ပုံနှိပ်ထီဖွင့်ပွဲကို မနက် ၈ နာရီမှာပြုလုပ်ပြီး အဲဒါပြီးတာနဲ့ အွန်လိုင်းထီဖွင့်ပွဲကို ဆက်လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီထီဖွင့်ပွဲမှာ ထွက်လာတဲ့ ပေါက်မဲဆုက မရောင်းရသေးတာကြောင့် ရောင်းပြီးသား ထီလက်မှတ်ထဲက ထွက်ဖို့ အကြိမ်ကြိမ်ပြန်နှိုက်နေရတာကြောင့် အချိန်ကြာသွားတာလို့ ထီအရောင်းကိုယ်စားလှယ်တွေက ဆိုပါတယ်။
စစ်ကောင်စီ အောင်ဘာလေသိန်းဆုဌာနက အောက်တိုဘာလမှာ ထီအက္ခရာတလုံးတိုးပြီး အက္ခရာ ၁၁ လုံးထုတ်ခဲ့ကာ ထီလက်မှတ်စောင်ရေ ၇၅ ရာခိုင်နှုန်းကို ပုံနှိပ်ထီနဲ့ ကျန် ၂၅ ရာခိုင်နှုန်း ကို အွန်လိုင်းထီအတွက်ဆိုပြီး ရောင်းခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလက အက္ခရာတလုံး တိုးထုတ်ရောင်းခဲ့ရာမှာ ပုံနှိပ်ထီဘက်က ထီအုပ်ရေ ၅၀,၀၀၀ ကျော် ရောင်းမကုန်ခဲ့ဘဲ ထီလက်မှတ်စောင်ရေ ငါးသိန်းကျော်လက်ကျန်ရှိခဲ့တယ်လို့ အောင်ဘာလေဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
ဝါရင့်ထီကိုယ်စားလှယ်တဦးက "အောင်ဘာလေထီက စျေးကွက်ပျက်နေပြီလေ။ အ ခုရောင်းနေရတယ်ဆိုတာကလည်း လူတစုစာလောက်ပဲ ရှိတယ်။ အရင်နဲ့ ဘယ်ယှဥ်ရတော့မလဲ"လို့ ပြောပါတယ်။
ပုံနှိပ်ထီက ရောင်းချနိုင်ခဲ့တဲ့ ထီအုပ်ရေစာရင်းကို ထုတ်ပြန်အသိပေးပေမယ့် အွန်လိုင်းထီက ဘယ်လောက်ရောင်းရတယ်ဆိုတာ အသိပေးတာမရှိဘဲ ဆုငွေကို ထင်သလိုပေးနေတဲ့အပေါ် စစ်ကောင်စီ ထီအားပေးနေသူတွေကြားမှာကို ဝေဖန်မှုတွေရှိနေပါတယ်။
အဲဒီအွန်လိုင်းထီကို Mytel က နည်းပညာ လုပ်ကိုင်ခွင့်ရထားတာဖြစ်ပြီး စက်တင်ဘာလကစလို့ အမြင့်ဆုံးဆုကို ကျပ်သိန်း ၅၀၀ ပဲ ပေးဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်က အောင်ဘာလေသိန်းဆုဌာနအနေနဲ့ လစဥ်ထီအက္ခရာအလုံးရေ ၄၀ ကျော်အထိ ဖွင့်လှစ်ရောင်းချနိုင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဝင်ငွေရလမ်းကို ဆန့်ကျန်တဲ့အနေနဲ့ ပြည်သူအများစုက ထီမထိုးကြတော့တာလို့ ထီဝါသနာရှင်တွေက ဆိုပါတယ်။