
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်က ကြူကုတ်(ပန်ဆိုင်း)မြို့ပေါ်ကို နိုဝင်ဘာ ၁ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “နေအိမ်မှာထိတာ။ နေအိမ်မှာထိလို့ အိမ်တအိမ်ထဲကပဲ သုံးဦး ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ ဟိုဂိမ်းဆိုင်က ဗမာမိန်းကလေးတယောက်။ အဲဒီ ကချင်အမျိုးသားတယောက်က လက်မှာထိတယ်” လို့ ပြောပါတယ်။
ကြူကုတ်(ပန်ဆိုင်း)မြို့၊ ရပ်ကွက် ၄ က တရုတ်နေအိမ်တလုံးမှာ လေယာဉ်ဗုံး ထိမှန်တာလို့ သူက ပြောပါတယ်။
“နေအိမ်တွေ အများကြီး ထိခိုက်ပျက်စီးသွားတယ်။ လူနာတွေတော့ တရုတ်ဘက် သွားကုပြီ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၈ ဘက်လည်း နေအိမ်တွေ ထိမှန်တယ်လို့ ကြားပေမဲ့ ဘယ်သူမှ သွားမကြည့်ရဲတာကြောင့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ လမ်းအခြေအနေ မကောင်းသလို မြို့ထဲကလူတွေကိုလည်း မြို့ပြင်၊ အိမ်ပြင် မထွက်ဖို့ ပြောတားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ အောက်တိုဘာ ၃၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်ကလည်း ပန်ဆိုင်း(ကြူကုတ်)မြို့အနီးကို စစ်ကောင်စီဘက်က လေယာဉ်တစီးနဲ့ ဗုံးတကြိမ် လာကြဲသွားပြီးနောက် ကိုးကန့် MNDAA ဘက်က ပန်ဆိုင်း(ကြူကုတ်) ရဲစခန်းကို ဒရုန်းနဲ့ ပြန်လည်ဗုံးကြဲတိုက်ခိုက်ရာ ရဲဝန်ထမ်းနဲ့ မိသားစုတွေ တရုတ်နယ်စပ်ချောင်းဘေးဘက် ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ကိုးကန့် MNDAA ဘက်က ရဲစခန်းကို မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။