တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂ နှစ်တာအတွင်း မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း သုံးဆကျော် မြင့်တက်လာတယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေထံက သိရပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် တုန်းက မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းဟာ ၆၅,၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှာတော့ လေယာဉ်လက်မှတ်ဈေးနှုန်းဟာ ၁၂၀,၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
အခုနှစ် နိုဝင်ဘာလမှာတော့ မြိတ်-ရန်ကုန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဈေးနှုန်းဟာ မြန်မာလေကြောင်းလိုင်းက ၂၈၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ KBZ လေကြောင်းလိုင်းက ၂၆၀,၀၀၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တဦးက ပြောပါတယ်။
မြိတ်-ရန်ကုန်ကို သွားမယ့် ခရီးသည်တွေက မြေပြင်အခြေအနေ မငြိမ်မသက်မှုတွေကြောင့် ခရီးသွားရာမှာ ကားလမ်းထက် လေကြောင်းကို ပိုမိုရွေးချယ်လာကြပြီး လေကြောင်းခရီးသွားလာသူ များပြားလာကာ လေယာဉ်လက်မှတ်တွေ ဈေးတက်လာတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
ခရီးသည်တဦးက “ဒီကာလမှာ ခရီးသည်ကားနဲ့သွားရင် အန္တရာယ်အရမ်းများတယ်လေ။ ကားလမ်းတလျှောက်မှာလည်း စစ်ဆေးတာတွေ၊ စကစဂိတ်တွေကို ပိုက်ဆံပေးရတာတွေလည်း ရှိတယ်။ ဒါတွေကြောင့် လေယာဉ်လက်မှတ်ဈေးတက်နေလည်း ကိုယ့်လုံခြုံရေးအတွက် လေယာဉ်ပဲစီးဖြစ်တာပါ။ ဒါပေမဲ့ လေယာဉ်လက်မှတ်ကို ဝယ်ယူဖို့တော့ ခက်တယ်။ ခရီးသွားမယ်ဆို တပတ်လောက်ကတည်းက ကြိုဝယ်ထားရတာ” လို့ ပြောပါတယ်။
မြိတ်-ရန်ကုန်ကို မြန်မာ့လေကြောင်းလိုင်း၊ KBZ လေကြောင်းလိုင်းနဲ့ သံလွင်လေကြောင်းလိုင်းတို့ ပြေးဆွဲကြပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ သံလွင်လေကြောင်းလိုင်းက ရပ်နားခဲ့ပါတယ်။
KBZ လေကြောင်းလိုင်းက မြိတ်မှ ရန်ကုန်ကို နေ့တိုင်းပြေးဆွဲပြီး မြန်မာ့လေကြောင်းလိုင်းက မြိတ်မှ ရန်ကုန်ကို တရက်ခြား ပြေးဆွဲနေတယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေထံက သိရပါတယ်။