Home
မြန်မာသတင်း
လေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် တရုတ်-မြန်မာ နယ်စပ်မျဉ်းတွင် ပြည်သူများ ထွက်ပြေးခိုလှုံ
DVB
·
November 1, 2023
Myanmar-China border Kachin war victims_01112023

ရှမ်းပြည်နယ်မြောက်ပိုင်းက မုံကိုးမြို့နယ်၊ ဖောင်းဆိုင်ကျေးရွာပတ်ဝန်းကျင်မှာ MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ လေတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဖောင်းဆိုင်းကျေးရွာက ပြည်သူတွေနဲ့ ဘေးပတ်ဝန်းကျင်ရွာက ပြည်သူတွေ တရုတ်-မြန်မာ နယ်စပ်မျဉ်းမှာ သွားရောက် ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဖောင်းဆိုင်ကျေးရွာသားထံက  သိရပါတယ်။

ဖောင်းဆိုင်ရွာက ပြည်သူ‌အများစုဟာ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ ထိုးစစ်စတင်တဲ့ အောက်တိုဘာ ၂၇ ရက်အထိ နယ်စပ်မျဉ်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြကြတာပါ။

ဖောင်းဆိုင်ရွာထဲ ပိတ်မိနေတဲ့ ပြည်သူချို့ကတော့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှ ခက်ခဲစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို  စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“ဖောင်းဆိုင် ပြည်သူတချို့က စစ်ပွဲတွေကြားထဲကနေ မနေ့ည ၁၀ နာရီခွဲလောက်မှာ တရုတ်နယ်စပ် လပ်ဒန်နားကို အားလုံးရောက်ကြပြီး  ခြံစည်းရိုးကာထားတဲ့ နေရာမှာ အားလုံးစုနေကြတယ်။ အများစုကတော့ စဖြစ်ကတည်းကနေ တိမ်းရှောင်နေတာလည်း ရှိတယ်၊ တရုတ်၊ ကချင်ပြည်သူတွေ အားလုံး လာရောက်တိမ်းရှောင်နေကြတယ်။”

လေကြောင်းတိုက်ခိုက်မှုတွေ ရှောင်ရှားဖို့နဲ့  နေရာ လုံခြုံမှုမရှိလို့ တရုတ်-မြန်မာနယ်စပ်ကို လာရောက်ထွက်ပြေတိမ်းရှောင်လာတာ ဖြစ်ပြီး  လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာရင် တရုတ်နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ရပ်မိရပ်ဖတွေနဲ့ တရုတ်နိုင်ငံ ဒေသအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့တွေ ရှိတယ်လို့ ဖောင်းဆိုင်းဒေသခံက ပြောပါတယ်။

“လောလောဆယ်က မလိုအပ်ရင်တော့ မဝင်ဖို့၊ အိမ်ပြန်လို့ရရင် ပြန်ကြဖို့ အစီအစဉ်တွေ ဆွဲထားတယ်။ လေယာဉ်နဲ့ လာပစ်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပြည်သူတွေ ရှိတဲ့နေရာတွေကို မပစ်ဘူးဆိုရင်တော့ ပြန်နေလို့ရပြီ။  အခုတော့ ပစ်နေတုန်း၊ စိတ်မချရသေးဘူးဆိုတော့ အားလုံး နယ်စပ်မှာ ရှိနေတုန်းပဲ။ တကယ်လို့ လေယာဉ်တွေနဲ့ အရမ်းပစ်လာတာတို့၊ တိုက်ပွဲပြင်းလာလို့ နေထိုင်လို့မရ ဖြစ်လာရင်တော့ တရုတ်မှာ ခိုလှုံခွင့်ပေးဖို့တော့ အကူအညီတောင်းထားတာတွေ ရှိတယ်။”

အောက်တိုဘာ ၃၀ ညက မန်တိန်းရွာက ပြည်သူတွေဟာ နယ်စပ်မှာ တိမ်းရှောင်နေရာကနေ စစ်ကောင်စီစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် တရုတ်-မြန်မာ နယ်စပ်စည်းမျဉ်းကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲ  တစ်ညတာ တိမ်းရှောင်ခဲ့ပါတယ်။

နယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ နေရာထိုင်ခင်းအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ နယ်စပ်မှာ နောင်ဂျန်၊ နောင်ဖိုင်၊ မန်တိန်းနဲ့ ဖောင်ဆိုင်ရွာ အပါအဝင် အိမ်ထောင်စု ၅၀၀ ဝန်းကျင် တိမ်းရှောင်နေထိုင်နေကြတယ်လို့ ဖောင်းဆိုင်ရွာသားက ပြောပါတယ်။

ဖောင်းဆိုင်ပတ်ဝန်းကျင်မှာ မန်းယန်၊ မန်ပိန်း၊ နောင်ဖိုင်၊နောင်ဂျန် စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာမှူးထိုင်တဲ့ ဖောင်းဆိုင် စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မနေ့ မနက်ပိုင်းက နယ်စပ်အတိုင်း မုံးကိုးမှာ ရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေဘက်ကိုလည်း စခန်းစွန့်ခွာထွက်ပြေးတာတွေ တွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024