၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်တပ်ရဲ့ တရားလက်လွတ် အာဏာသိမ်းမှုကနေ စလာခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရက်ပေါင်း ၁၀၀၀ ရှိသွားခဲ့ပါပြီ။ တကယ်တော့ ဒီကာလဟာ မြန်မာ့သမိုင်းမှာ အမှောင်မိုက်ဆုံးကာလလို့ တောင် ပြောလို့ရပါတယ်။ အဓိကတရားခံကတော့ အမြင်ကျဉ်းမြောင်းပြီး မိမိအာဏာ တည်မြဲရေးကိုသာ ရှေ့တန်းတင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကြောင့်လို့ပဲ ပြောရမှာပါ။ တစ်ချိန်က အာရှမှာ အလားအလာ အကောင်းဆုံးနိုငံတစ်ခုကနေ စစ်ရဲ့ အနိဋ္ဌာရုံတွေနဲ့ အတိပြီးနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကျရောက်ခဲ့ရတာ တကယ့်ကို ကြေကွဲစရာဖြစ်ရပ်တစ်ခုပါပဲ။
ဒီရက်ပေါင်း ၁၀၀၀ ဆိုတဲ့ ကာလအတွင်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ လောကဓံက သိပ်ကို ကြမ်းတမ်းခဲ့ပါတယ်။ အထူးသဖြင့် တော်လှန်ရေးနဲ့ ပတ်သက် ဆက်စပ်ပြီး အသက်ပေးသွားရတဲ့လူတွေ အများအပြား ရှိနေပါတယ်။ ဒါဟာ ခါးသီးတဲ့ အမှန်တရားတစ်ခုပါပဲ။ အဆိုးထဲက အကောင်းဆိုသလို ပြည်ပရောက်နေတဲ့ မြန်မာတွေဟာ ပြည်တွင်းမှာ ရှိနေတဲ့သူတွေအပေါ် စာနာမှု၊ နားလည်မှုနဲ့အတူ အကူအညီတွေ ပေးနေကြတာပါ။ လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာတဲ့အခါမှာလည်း ထောက်ပို့လုပ်ငန်းတွေကအစ မဖြစ်မနေ ဝိုင်းဝန်းကူညီကြပါတယ်။ ဒီကာလအတွင်း အတက်အကျ အနိမ့်အမြင့်တွေ ရှိခဲ့ပေမဲ့ တော်လှန်ရေးက အောင်အောင်မြင်မြင် ခရီးဆက်နေသလို ပြည်ပရဲ့ လှုပ်ရှားမှုတွေကလည်း ပုံစံမျိုးစုံနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အခုချိန်ထိ ချီတက်ဆန္ဒ ပြတာ၊ အစိုးရနဲ့ လွှတ်တော်ကို Advocacy လုပ်တာ၊ တော်လှန်ရေးအတွက် အလှူငွေရရှိရေး ကြိုးပမ်းဆောင်ရွက်တာတွေကို အရှိန်အဟုန်မပျက် လုပ်ဆောင်နေကြတုန်းပါပဲ။
အာဏာသိမ်းကာလနဲ့ ပြည်ပရောက်မြန်မာတွေ
အာဏာသိမ်းခံရပြီး အစောပိုင်းကာလတွေကတည်းက ပြည်တွင်းမှာ ဆန္ဒပြမှုတွေ ရှိနေသလို ပြည်ပနိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာတွေလည်း လက်လှမ်းမီသလောက် စုစည်းပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ ကျနော်တို့ အမေရိကားမှဆိုရင်လည်း အယ်လ်အေ၊ ဆန်ဖရန်စ္စကို၊ နယူးယောက်ခ်၊ ဝါရှင်တန်ဒီစီစသဖြင့် အပတ်စဉ်လိုလို စုရုံး ဆန္ဒပြသကြတာပါ။ အခုအချိန်အထိလည်း အကြိမ်အရေအတွက် နည်းလာတယ်ဆိုရင်တောင် ဆန္ဒဖော်ထုတ်ပွဲတွေ ရှိနေတုန်းပါပဲ။ အထူးသဖြင့် ဝါရှင်တန်ဒီစီပါ။ အမေရိကန်အစိုးရ ဦးစိုက်ရာမြို့ ဖြစ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးနဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို နာခံနေတဲ့ မြန်မာသံရုံးတွေရှေ့မှာ မပျက်မကွက် ပြသနေကြတုန်းပါပဲ။ အလားတူပဲ ထောက်ပို့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေကြတုန်းပါပဲ။ မြန်မာအစားအစာတွေ ချက်ပြုတ် ရောင်းချတဲ့နည်းနဲ့လည်း ပြည်တွင်းကို ထောက်ပို့နိုင်ဖို့ ရန်ပုံငွေရှာကြပါတယ်။ ဒါတွေက ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ စိတ်ကို အရင်းခံပြီး ရတဲ့နည်းနည်းနဲ့ ရန်ပုံငွေရှာပြီး ထောက်ပို့ကြတဲ့ပုံစံတွေ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ အမေရိကန်အစိုးရဆီက အကူအညီ ရရေးအတွက် Advocacy လုပ်တဲ့နည်းလမ်းပါ။ အမေရိကန်နိုင်ငံမှာ နိုင်ငံသား ခံယူထားတဲ့ မြန်မာတွေ အမြောက်အမြား ရှိပါတယ်။ ဒီမြန်မာ-အမေရိကန်တွေဟာ တခြားနိုင်ငံတွေမှာ အခြေချနေထိုင်နေတဲ့ မြန်မာတွေ မရရှိကြတဲ့ အခွင့်အရေးမျိုးကို ရရှိကြပါတယ်။ အဲဒါကတော့ မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဆက်သွယ်ပြီး သတင်းပေးခွင့်၊ တောင်းဆိုခွင့် ရှိနေကြတာမျိုးပါ။ ဒါကိုတော့ Advocacy လုပ်တယ်လို့ အလွယ်ပြောကြပါတယ်။ တကယ်တော့ ကျနော်တို့ မြန်မာအများစုဟာ အာဏာမသိမ်းခင်တုန်းကဆိုရင် ဒီလို Advocacy လုပ်တာမျိုးနဲ့ အကျွမ်းတဝင်မရှိလှပါဘူး။ အာဏာသိမ်းပြီးတဲ့နောက်မှ စစ်ကောင်စီကို ဆန့်ကျင်ဖို့ နည်းလမ်းတွေ ရှာရင်းနဲ့ Advocacy နဲ့ ပိုပြီးရင်းနှီးလာကြပါတယ်။ ဒါတောင် အပြည့်အ၀ မဖော်ဆောင်နိုင်ကြသေးပါဘူး။ ဒါပေမဲ့လည်း ဒီရက်ပေါင်း ၁၀၀၀ ဆိုတဲ့ကာလအတွင်း အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောရပါမယ်။ ဒီအတွက်လည်း မြန်မာမိသားစုတွေကို ကျေးဇူးတင်စရာ ရှိပါတယ်။
Advocacy ကြောင့် ဘာတွေ အောင်မြင်ခဲ့လဲ
Advocacy ကြောင့် ဖြစ်တဲ့ အောင်မြင်မှုတွေထဲမှာ သိသာထင်ရှားမှု အရှိဆုံးကတော့ စစ်ကောင်စီကို ဒီနေ့အထိ နိုင်ငံတကာက တရားဝင်အသိအမှတ် မပြုသေးတာပါ။ ဥပမာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက စစ်ကောင်စီကို အတော်လေး အသိအမှတ်ပြုချင်တဲ့ နိုင်ငံတွေပါ။ အဲဒီလို အသိအမှတ်ပြုခံရဖို့လည်း သူတို့ ကြိုးစားပေးနေတာ ရှိပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံ အစည်းအဝေးတွေ၊ အမေရိကန်နဲ့ ပူးပေါင်းလုပ်တဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီကို လူရာသွင်းဖို့ မသိမသာ တစ်မျိုး၊ သိသိသာသာတစ်မျိုး ကြိုးစားပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲဒီလိုပြဿနာတွေ ရှိလာပြီဆိုရင် သက်ဆိုင်ရာအစိုးရတွေ၊ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး Advocacy လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။
နောက်တစ်ခုကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာမြဲနေသေးတာပါ။ ဒါက ပြည်တွင်းရဲ့ လှုပ်ရှားမှုတွေနဲ့လည်း ဆိုင်သလို ပြည်ပကလည်း အမြဲတစေ တိုက်တွန်းလှုပ်ရှားနေရတဲ့ အကျိုးကျေးဇူး ဖြစ်ပါတယ်။ စစ်ကောင်စီဟာ နှစ်စဉ်နှစ်တိုင်းဆိုသလို လူစားထိုးဖို့ ကြိုးစားလေ့ ရှိပါတယ်။ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့ရဲ့ အကူအညီနဲ့ မြန်မာပြည်အတွက် ကုလသမဂ္ဂ ထိုင်ခုံကို အလွတ်ထားဖို့အထိ အဆက်မပြတ် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း နှစ်စဉ်နှစ်တိုင်းမှာ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ရသလို စစ်ကောင်စီကို ကန့်ကွက်ကြောင်းနဲ့ ဦးကျော်မိုးထွန်းသာလျှင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုနေတဲ့ သံအမတ်ကြီးဖြစ်တဲ့အကြောင်း စာတွေ ရေးသားပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ ရုံးတွေကို ပို့ကြရတာမျိုးပါ။
အမေရိကန်ရဲ့ ထပ်တိုးအရေးယူမှု
တတိယနည်းလမ်းကတော့ စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်လာအောင် တိုက်တွန်းရတဲ့နည်းပါ။ ဘယ်သူတွေနဲ့ ဘယ်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူသင့်တယ် ဆိုတာမျိုးအထိ နိုင်ငံခြားရေးဌာနအောက်မှာ ရှိတဲ့ ဝန်ကြီးဌာနကို နောက်ကွယ်ကနေ လျှို့ဝှက်ပြီး အကြံပေးရပါတယ်။ စကစနဲ့ ခရိုနီတွေရဲ့ ငွေကြေးစီးဆင်းမှု လျှို့ဝှက်ချက်တွေကအစ၊ ဥပမာ (Justice for Myanmar) လို အဖွဲ့တွေနဲ့ ချိတ်ဆက် စုံစမ်းရတာတွေ ရှိပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ တင်ပြချက်အားလုံး အကောင်အထည်ပေါ်အောင် မလုပ်နိုင်သေးပေမဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကိုတော့ တစ်စထက်တစ်စ တိုးပြီး လုပ်ဆောင်ပေးနေပါတယ်။ အခုဆိုရင် ဥရောပသမဂ္ဂက မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူပြီးပါပြီ။ အမေရိကန်က အရေးယူပေးနိုင်ဖို့ပဲ လိုတော့တဲ့ အနေအထားမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာပဲ၊ အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီး ပိတ်ဆို့အရေးယူမှု တစ်ခု ထပ်တိုးလုပ်ဆောင်ခဲ့ပါတယ်။
အဲဒါကတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အကန့်အသတ်နဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်း သုံးခုလည်း ပါဝင်ပါတယ်။ အလားတူပဲ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အပါအဝင် လူပုဂ္ဂိုလ် ငါးဦးကိုလည်း ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူလိုက် ပါတယ်။ ဒါက စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရင်းနှီးမြှု့ပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှု ဘဏ် (MFTB) တို့ နှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်ပြီး နောက်ထပ် အကောင်အထည်ပေါ်လာတဲ့ ထိရောက်တဲ့ အရေးယူမှုလို့ ပြောရမှာပါ။
စတုတ္ထကတော့ Burma Act ပါ။ ပထမတော့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူ အမေရိကန်တွေက ဦးဆောင်ပြီး တင်ခဲ့ကြပါတယ်။ ဒါပေမဲ နောက်ပိုင်းမှာ အမေရိကားရောက် မြန်မာတွေပါ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၂ ဒီဇင်ဘာလမှာ အမေရိကန်ရဲ့ ကွန်ဂရက်စ် လွှတ်တော်က Burma Bill ကို အမေရိကန် ကာကွယ်ရေးဥပဒေ NDAA မှာ ထည့်သွင်းအတည်ပြုခဲ့ပါတယ်။ ဒါတွေဟာ Advocacy ရဲ့ အောင်မြင်မှုတွေလို့ ပြောလို့ရပါတယ်။ ဒီနေရာမှာ တစ်ခု ပြောစရာရှိပါတယ်။ Burma Act ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ အတည်ပြုခဲ့ပေမဲ့ ၂၀၂၃ အတွက် ဘတ်ဂျက် ချမပေးနိုင်ခဲ့တာပါ။ ဒီလို အားနည်းချက် တချို့တော့ ရှိခဲ့တယ်ဆိုပေမဲ့ ဥပဒေတစ်ခု ပေါ်ပေါက်လာခဲ့တာကတော့ တော်လှန်ရေးအတွက် အလားအလာကောင်းတစ်ခုလို့ ပြောရမှာပါ။
ဘတ်ဂျက်ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ဆွေးနွေးညှိနှိုင်းစရာတွေလည်း အများအပြား ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာတော့ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံအတွက် ဘတ်ဂျက်ကို အမေရိကန် ဒေါ်လာ ၁၂၁ သန်း ချပေးဖို့ အထက်လွှတ်တော်မှ တင်ပြထားပါတယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် သဘောထား အနည်းငယ် ကွဲလွဲနေတာလေးတွေလည်း ရှိပါတယ်။ အဲဒီအတွက် ဆက်ပြီးတိုက်တွန်းရမှာပါ။ ဘဏ္ဍာရေးဆိုင်ရာ အကူအညီလည်း အရေးကြီးတဲ့ အကူအညီတွေပါပဲ။ တော်လှန်ရေးတစ်ခုဆိုတာ ဘယ်လောက်ကြာမယ်ဆိုတာ ပြောရခက်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လူထုရဲ့ အကူငွေတွေကလည်း အကန့်အသတ်ရှိလာနိုင်ပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်ကြဖို့လိုသလို ပြည်တွင်းမှာ ရှိနေတဲ့ စစ်ဘေးရှောင်တွေ၊ အတိဒုက္ခရောက်နေတဲ့ သူတွေကို ထောက်ပံ့နိုင်ဖို့ အတွက်လည်း နိုင်ငံတကာရဲ့ အကူအညီတွေကိုလည်း မဖြစ်မနေ လိုအပ်ပါတယ်။
ဒီထက်ပိုတာကတော့ ပေးတဲ့ အကူအညီတွေဟာ ထိရောက်မှု ရှိဖို့ပါ။ အထူးသဖြင့် ကုလသမဂ္ဂကတဆင့် ပေးနေတဲ့ အကူအညီတွေက ပိုပြီးထိရောက်ဖို့လိုလာပါတယ်။ အဲဒီအတွက် သီးခြားဆောင်းပါးတစ်ပုဒ် ရေးသားပါဦးမယ်။ လတ်တလောမှာတော့ နွေဦးတော်လှန်ရေးကာလ ရက် ၁၀၀၀ အတွင်း ပြည်ပရောက်မြန်မာ အင်အားစုတွေ အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲ၊ ဘယ်လောက် အောင်မြင်ခဲ့သလဲ၊ ဘာတွေကို ဆက်ပြီး လက်လုပ်ဆောင်ဖို့လိုမလဲ ဆိုတာကို အကဲဖြတ်ကြည့်တဲ့ သဘောပါ။
အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးအတွက် ပြည်တွင်းမှာ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသလို၊ ပြည်ပမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေကလည်း ဆက်ပြီး တိုက်ပွဲဝင်ရဦးမှာပါ။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာမိသားစုတွေကို တိုက်တွန်းချင်တာပါ။ မြန်မာနိုင်ငံ စစ်အာဏာရှင်ဘ၀က လွတ်မြောက်ဖို့အတွက် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့ ဖြစ်ပါတယ်။ စိတ်အားမလျော့လိုက်ဖို့ လိုပါတယ်။
အရေးတော်ပုံ အောင်ကိုအောင်ရပါမယ်...
ဂျိမ်းစ်ရွှေ (LA2M)