စစ်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်တိုက်ခိုက်သွားမှာဖြစ်လို့ ရှမ်းပြည်မြောက်ပိုင်းမှာ ရင်ဆိုင်ထားတဲ့ စစ်စခန်းတွေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ အနေနဲ့ လက်နက်တွေအပ်ပြီး အလင်းဝင်ဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဒီစစ်ဆင်ရေးကာလအတွင်း အသက်မသေလိုတဲ့အပြင် မိသားစုနဲ့ပေါင်းစည်းလိုလို့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိနေပြီလို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီလို အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်စေဖို့ ဆောင်ရွက်သွားမှာတယ်၊ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းမှာမဟုတ်ဘဲ မိသားစုနဲ့ ပေါင်းစည်းနိုင်ခွင့်ရနိင်ဖို့ ဆောင်ရွက်ပေးသွားမယ့်အပြင် လိုအပ်သူတွေကို ခရီးစရိတ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကျန်းမာရေး မကောင်းသူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်ပေမယ်လို့ ကတိပေးထားပါတယ်။
ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်တပ်ကို ၁၀၂၇ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ပြီး စစ်ခန်းတွေ၊ မြို့တွေကို သိမ်းယူလာတာ ဒီနေ့ဆိုရင် ၆ ရက်ရှိပြီဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးသတင်းတွေအရ စစ်စခန်း ၈၀ လောက်ကို သိမ်းပိုက်ရရှိထားပြီး ဆက်လက်ပြီးတော့လည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဒီ စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တခြားတော်လှန်ရေး တပ်ဖွဲ့အများအပြားကလည်း ထောက်ခံကြိုဆိုထားပြီး ဟန်ချက်ညီညီ စစ်ရေးဖော်ဆောင် တိုက်ပွဲဆင်နွှဲကြဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
ဒီစစ်ဆင်ရေးက ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းတို့မှာ တိုက်ပွဲတွေ ဆင်နွှဲနေတာဖြစ်ပြီး ပါဝင်တိုက်ခိုက်နေကြတဲ့ တပ်တွေနဲ့ ဆက်စပ်ဒေသတွေ၊ ဗျူဟာမြောက်ဆက်စပ်နေတဲ့ တော်လှန်ရေးတပ်တွေရဲ့ တည်နေရာနဲ့ အင်အားက ကျယ်ပြန့် များပြားတာတွေ့ရပါတယ်။
ရိုက်တာသတင်းဌာနက မကြာခင်လကပဲ ဖော်ပြထားခဲ့တဲ့ မြန်မာပြည်က စစ်တပ်အပါအဝင် တော်လှန်ရေးတပ်တချို့ရဲ့ စစ်ရေးဒေသနဲ့ အင်အားစာရင်းကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီထဲမှာ ဒေသအလိုက် အင်အားနဲ့ လက်နက်အင်အား အသေးစိတ်ကိုတော့ ထည့်သွင်း မဖော်ပြထားပါဘူး။
စစ်သားအင်အားစာရင်းတွေဟာလည်း မြန်မာစစ်တပ်အပါအဝင် ဘယ်တပ်ကမှ တိတိကျကျ ထုတ်ဖော်ပြောဆိုထားတာမရှိတဲ့အတွက် ခန့်မှန်းခြေစာရင်းပဲဖြစ်ပြီး မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုတို့ဆီက အချက်အလက်တွေကို ကိုးကားထားတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်မှာ စစ်သည် အင်အား သုံးသိန်းကျော် လေးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ လက်တွေ့မှာတော့ စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေး စစ်သည် အင်အားဟာ ၁ သိန်းခွဲလောက်ပဲရှိတော့တယ်လို့ နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူတွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ သုံးသပ်ရေးသားထားပါတယ်။