တခြားနိုင်ငံတွေကို သားပုပ်လေလွင့် စွပ်စွဲပြီး သွေးကွဲအောင်လုပ်တာဟာ သံတမန်တွေရဲ့ တာဝန် မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ တားမြစ်ပိတ်ပင်ချက်ကို တန်ပြန်ဖို့ အမေရိကန်အစိုးရက ဂျပန်ပင်လယ်စာတွေ ဝယ်နေတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ခုလို ပြောလိုက်တာပါ။
ဂျပန်အစိုးရက သူ့ရဲ့ ပျက်စီးနေတဲ့ ဖူကူရှီးမား နျူးကလီးယားစက်ရုံကနေ သန့်စင်ထားတဲ့ စွန့်ပစ်ရေတွေကို ပင်လယ်ထဲ ဖောက်ထုတ်ခဲ့ပြီးနောက် ဂျပန်ပင်လယ်စာ ထုတ်ကုန်တွေကို တရုတ်က တားမြစ် ပိတ်ပင်ခဲ့တာပါ။
တရုတ်ရဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်ပင်လယ်စာတွေကို အမေရိကန်က ပထမဆုံးအကြိမ် စတင်ဝယ်ယူနေပါပြီ။
တနင်္လာနေ့က ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ဒီကိစ္စကို ထုတ်ဖော်ပြောရာမှာ “အမေရိကန်အစိုးရဟာ သူ့ရဲ့ စီးပွားရေးစစ်ပွဲတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြောထားတဲ့ တရုတ်နိုင်ငံရဲ့ တားမြစ်ပိတ်ပင်ချက်ကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ အမေရိကန်က ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုသင့်တယ်” လို့ ပြောပါတယ်။
ဂျပန်ပင်လယ်စာ အများဆုံးဝယ်သူဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံက သူ့ရဲ့တားမြစ်မှုဟာ အစားအစာ ဘေးကင်းရေး စိုးရိမ်ချက်ကြောင့်လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ် ဆူနာမီကြောင့် ပျက်စီးသွားတဲ့ စက်ရုံကနေ သြဂုတ်လကစပြီး ရေထုတ်လွှတ်မှု ဘေးကင်းရေးအတွက် ကုလသမဂ္ဂရဲ့ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့က ကတိပြုထားပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ၇ နိုင်ငံအဖွဲ့ G7 က ကုန်သွယ်ရေးဝန်ကြီးတွေကလည်း ဂျပန်အစားအစာ ကန့်သတ်တားမြစ်ချက်တွေကို ချက်ချင်းရုပ်သိမ်းဖို့ အောက်တိုဘာ ၂၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
Source/Photo-Reuters