ကမ္ဘာကြီးပူနွေးလာလို့ ဟာရီကိန်းမုန်တိုင်းတွေ ပိုပြင်းထန်လာနိုင်တယ်လို့ မက္ကဆီကို ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အိုတစ်စ်နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတရပ်မှာ ခုလို ပြောလိုက်တာပါ။
ဟာရီကိန်း စုစုပေါင်းအရေအတွက် တိုးလာဖို့ မမျှော်လင့်ထားပေမဲ့ ပြင်းထန်တဲ့ ဟာရီကိန်း အရေအတွက် တိုးလာဖို့ မျှော်လင့်တယ်လို့ လေထုသိပ္ပံနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာ ဟိုဟေး ဇာဗာလာ ဟီဒါလ်ဂိုက ညီလာခံ တက်ရောက်သူတွေကို ပြောပါတယ်။
ဟာရီကိန်းမုန်တိုင်းတွေ ပိုမိုပြင်းထန်လာပြီး ကမ္ဘာ့ပင်လယ်ပြင်အပူချိန် မြင့်တက်လာမှုဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူ ဘင်ဂျမင် မာတီးနက်ဇ်က ထောက်ပြပါတယ်။
ဟာရီကိန်းမုန်တိုင်း ၂၀ မှာ တကြိမ်သာ အဆင့် ၅ မုန်တိုင်း ဖြစ်လာပြီး သူတို့ထဲက မုန်တိုင်း နည်းနည်းသာ ကုန်းတွင်းပိုင်းထိ ကျရောက်ခဲ့တယ်လို့ မက္ကဆီကို အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် UNAM က ကျွမ်းကျင်သူတွေက ပြောပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ် အပန်းဖြေစခန်းမြို့ အကာပါကိုမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အဆင့် ၅ ဟာရီကိန်းမုန်တိုင်း အိုတစ်စ်ရဲ့ မုန်တိုင်းဒဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေချိန်မှာ ခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။
ဟာရီကိန်းမုန်တိုင်းဟာ တနာရီ ၁၆၅ မိုင်နှုန်းနဲ့ မြို့ထဲကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ရေကြီး ရေလျှံခဲ့လို့ အိမ်တွေ၊ ဟိုတယ်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ ခေါင်မိုးတွေ ကျိုးကြေကုန်ပြီး ယာဉ်တွေ ရေအောက် နစ်မြုပ်သွားခဲ့တာပါ။ ဆက်သွယ်ရေး၊ ကုန်းလမ်းနဲ့ လေကြောင်းလမ်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
Source/Photo-Reuters