ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စုထဲမှာ အောက်တိုဘာ ၂၉ ရက်က တိုက်ပွဲတွေဖြစ်ပွားနေချိန် တောင်ယာမှာ အလုပ်သွားလုပ်တဲ့ ဒေသခံ သားအဖနှစ်ယောက် လမ်းမှာ သေနတ်ပစ်ခံခဲ့ရတယ်လို့ ကူညီပေးခဲ့သူက ပြောပါတယ်။
ဟူးမွန်ရွာက လုံးမောင်နဲ့ သမီးဖြစ်သူ အေးယိင်းလုံတို့ဟာ အောက်တိုဘာ ၂၉ ရက်နေ့က ရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ ယာတောထဲမှာ ကန်စွန်းဥသွားတူးပြီး အပြန်လမ်း မွန်းလွဲ ၂ နာရီလောက်မှာ ဘယ်ဘက်ကမှန်းမသိ ပစ်လိုက်တဲ့ ကျည်ဆန် ထိမှန်သွားတာလို့ အကူအညီပေးခဲ့သူ စိုင်းလောဝ်က ပြောပါတယ်။
“သေနတ်က ဘယ်ဘက်ကပစ်လိုက်လဲတော့မသိဘူး။ သူတို့အဖေရဲ့ ဘယ်ဘက်ပေါင်ကို ထုတ်ချင်းပေါက်သွားတယ်။ စစချင်း လမ်းနည်းနည်းလျှောက်လို့ရသေးတယ်၊ ခဏကြာတော့မရလို့ ပက်လက်ထိုင်ချလိုက်တာ။ သူ့သမီးကျတော့ ကျောဘက်မှာမှန်တယ်။ သူတို့နှစ်ယောက်လုံးကို လားရှိုးဆေးရုံပို့ထားတယ်။ သမီးက ကျည်ဆန်ခွဲထုတ်ရမယ်ထင်တယ်။”
လားရှိုးမြို့နယ်ထဲမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန် ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေကြောင့် နမ့်မျှော်ချောင်းမြောက်ဘက်တကြောက ရွာသားတွေ အကုန်စစ်ဘေးရှောင်နေကြရကာ ရွာသားတွေအနေနဲ့ တိုက်ပွဲမပြီးမချင်း လယ်ယာလုပ်ငန်းခွင်တွေ မသွားသင့်သေးဘူးလို့ တိုက်တွန်းထားပါတယ် ။