ထိုင်းနိုင်ငံမှာ လက်ရှိရုံတင်ပြသနေတဲ့ “သုဘရာဇာ” အဓိပ္ပာယ်ရ “စပလေ” သရဲရုပ်ရှင်ကားဟာ အထူးရေပန်စားလူကြိုက်များနေပြီး အောက်တိုဘာ ၃၀ အထိ ရုပ်ရှင်လက်မှတ်ရောင်းရငွေမှာ ဘတ်သန်းပေါင်း ၇၀၀ ရရှိသွားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ရုပ်ရှင်ကား အောင်မြင်မှုအထိမ်းအမှတ် ရိုးရာနတ်ပူဇော်ပသပွဲကို မနေ့က ထိုင်းအရှေ့ မြောက်ပိုင်း စကွန်းနခွန်းခရိုင် ဝါးနွန်းနီးဝပ်မြို့နယ်ထဲမှာ ကျင်းပခဲ့ပါတယ်။
အီဆန်ဒေသဓလေ့ ထုံးစံအရ ထီပေါက်တာတွေ၊ လုပ်ငန်းအကြံအစည်အောင်မြင်တာတွေရှိရင် ရိုးရာနတ်ကို ပြန်လည်ပူဇော်ပသရပြီး အဆိုပါဒေသဟာ ရုပ်ရှင်ကား အဓိကရိုက်ကူးခဲ့တဲ့ နေရာဖြစ်တာကြောင့် အဲဒီမှာပြန်ပြီး အလှူလုပ်ခဲ့တာပါ။
နတ်ပူဇော်ပွဲမှာ ဇာတ်ညွန်းရေးဆရာ၊ ဒါရိုက်တာ နဲ့ သူရုပ်ဆောင်ဖြစ်သူ တောင့်တေ့ ထိဒီ က နတ်သမီးလို ဝတ်စားဆင်ယင်ပြီး ကချေသည်ပေါင်း ၂၀၀ နဲ့အတူ ကပြပူဇော်ခဲ့ပါတယ်။
ဒါ့အပြင် သူ့ကို ပထမဆုံးအနုပညာလောကထဲ လက်တွဲခေါ်ခဲ့သူ အနုပညာရှင် ကောင့်ဟွေ့လိုက် အပါအဝင် ဇာတ်ကားထဲပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့အတူ ကားနဲ့စီတန်း လှည့်လည်ကာ ပွဲခင်းထဲ လာရောက်တဲ့ပြည်သူတွေကို ငွေစက္ကူတွေ ကြဲချပြီး ဝေငှခဲ့ပါတယ်။
မနေ့က ကြဲချခဲ့တဲ့ ငွေစက္ကူ ဘတ် ၁၀၀၀ တန်၊ ၅၀၀ တန်၊ ၁၀၀ တန်၊ ၂၀ တန်တွေ စုစုပေါင်း ဘတ် ၂ သိန်း ရှိကြောင်း၊ အလှူပွဲမှာ အတူတကွ လာရောက်ဆင်နွှဲတဲ့ ပြည်သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ငွေဝေငှခဲ့တာလို့ ဒါရိုက်တာ တောင့်တေ့က သတင်းထောက်တွေကို ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာ ဘတ်သန်းပေါင်း ၂၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဇာတ်ကား မအောင်မြင်ရင် အကြွေးဆပ်ဖို့ ငွေချေးငှားရမယ့်သူတွေ ရှာထားရာက မမျှော်လင့်ဘဲ အောင်မြင်မှုရသွားပြီး ရင်းနှီးငွေထက် အဆပေါင်းများစွာ မြတ်စွန်းခဲ့တာ ဖြစ်ပါတယ်။
သေခြင်းတရားဟာ ကြောက်စရာမဟုတ်ဘဲ လူတိုင်းမလွန်ဆန်နိုင်တဲ့ လောကဓမ္မတာဖြစ်ပြီး ဝိညာဉ်လောကနဲ့ လူ့လောကအကြောင်း ဒေသရိုးရာဓလေ့ထုံးစံတွေနဲ့ သရုပ်ဖော် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ၁ ကားဖြစ်ပါတယ်။
ဒါရိုက်တာ တောင့်တေ့မှာ အသက် ၂၉ နှစ်သာရှိသေးတဲ့ လူငယ် ၁ ဦးဖြစ်ပြီး စုတ်ပြတ်တဲ့ အဝတ်အစားတွေကိုသာ ခုံမင်စွာ ဝတ်ဆင်သူဖြစ်ပါတယ်။
ဒီဇာတ်ကားကို ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးများအဖွဲ့ပါ သွားရောက်ကြည့်ရှုအားပေးပြီး နိုင်ငံခြားရုပ်ရှင်ဈေးကွက်ထိ လှမ်းနိုင်ဖို့လည်း မျှော်လင့်လျက်ရှိပါတယ်။