စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်မော်တော်တွေနဲ့ အလယ်ကျွန်းပျူရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။
အခုလို ပစ်ခတ်တိုက်ခိုက်တာကို ကနီမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ကျောက်လုံးကြီး တပ်မဟာအဖွဲ့က တပ်ရင်း-၂၁၊ ၂၂၊ ၂၃ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
ကျောက်လုံးကြီးတပ်မဟာအဖွဲ့ ပြန်ကြားရေးတာဝန်ခံ AT က “အောက်တိုဘာ ၃၀ ရက်ကတော့ ကနီမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ကောင်စီရဲ့ ပျူရွာနဲ့ စစ်မော်တော် ၇ စီးကို ပစ်ခတ်ခဲ့ကြတာ။ မနက်ခင်း ၂ နာရီက အလယ်ကျွန်းပျူရွာပေါ်ကို မောင်သူမဲ့ ဒရုန်းလေယာဉ်ကို အသုံးပြုပြီး ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ပွဲကတော့ စစ်ကောင်စီနဲ့ ပျူစောထီး သေဆုံးတာ မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအပြင် ဟုမ္မလင်းမြို့ကနေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်မော်တော် ၇ စီးကိုလည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်လုံးကြီးတပ်မဟာ ပြန်ကြားရးတာဝန်ခံ AT က “စစ်မော်တော်တွေက မင်းကင်းမြို့နယ်ထဲကနေ ကနီမြို့နယ်ဘက်ကို စုန်ဆင်းလာတာကို သိလို့ ကြိုတင် စောင့်ဆိုင်းပြီးကို ပစ်ခတ်ခဲ့တယ်။ အဲဒီစစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၉ ရက်က ကနီနယ် မိချောင်းတွင်းရွာက ဆိပ်ကမ်းမှာ တပ်စွဲခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်ခင်းက ချင်းတွင်းမြစ်အောက်ပိုင်းကို ထပ်မံစုန်ဆင်းလာတာကို နေ့ခင်း ၁၁ နာရီက ကနီမြို့နယ် အထက်ကင်းကျေးရွာအနီး အရောက်မှာ ပစ်ခတ်တာတွေ ထပ်ပြီး ပြုလုပ်ခဲ့သေးတယ်။ အဲဒီအကြိမ်ကတော့ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ကျနော်တို့ဘက်က တဦးတယောက်မှ အသေအပျောက် မရှိခဲ့ဘူး။ အဲဒီ စစ်မော်တော် ၇ စီးကိုပဲ နေ့ခင်း ၁ နာရီက ဒုတိယအကြိမ် ထပ်ပြီး တိုက်ခိုက်ခဲ့သေးတယ်။ ဒုတိယအကြိမ် တိုက်ခိုက်တာကတော့ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီမော်တော် ၇ စီးကတော့ အောက်တိုဘာ ၃၀ ရက် ညနေမှာ စစ်ကောင်စီ အထိုင်ချထားတဲ့ ကနီမြို့ဆိပ်ကမ်းကို ရောက်ရှိသွားပြီ အဆိုပါ ကနီဆိပ်ကမ်းမှာ ညအိပ်ခဲ့တယ်လို့ ကနီမြို့ပေါ်က ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်ကို ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၉ ရက် ည ၉ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။
ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးအထိ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ယင်မာပင်မြို့နယ် တော်လှန်ပြောက်ကြားအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“ပစ်တာကတော့ ကျနော်တို့ဘက်က အလစ်ဝင်ပစ်တာ။ သူတို့ အငိုက်မိသွားတယ်။ သူတို့ပတ်ကင်းသွားဖို့ ကား ၂ စီးနဲ့ ပြင်နေတဲ့အချိန်ကို ဝင်ပစ်ခဲ့တာဗျ။ အထိခိုက်ကတော့ စစ်ကောင်စီဘက်ကတော့ ရှိနိုင်တယ်။ ကား ၂ စီးကတော့ ပျက်စီးတယ်လို့တော့ မြို့ပေါ်ကလူတွေဆီကနေ သိထားရတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။”
အခုတိုက်ပွဲကို ယင်းမာပင်မြို့နယ် ဟိန္နကအဖွဲ့ရဲ့တပ်ခွဲဖြစ်တဲ့ တော်လှန်ပြောက်ကျားတပ်ဖွဲ့နဲ့ မုတ်ဆိုးလေးအဖွဲ့က စုပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။