အခုဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပထမ ၆ လအတွင်း ပြည်တွင်းကို စားအုန်းဆီ ၂၉၄,၄၅၇ တန် တင်သွင်းထားတယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
အဲဒီပမာဏက ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူမှာ တင်သွင်းမှုထက် တန်ချိန် ၆၅၀၀၀ ကျော် ပိုမြင့်တက်လာပြီး ရာခိုင်နှုန်းအနေနဲ့ ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက မကြာသေးခင်က ထုတ်ပြန်တဲ့ လယ်ယာကဏ္ဍဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်က တနှစ်ကို တန်ချိန် ၁၀ သိန်းကျော်ရှိပါတယ်။ ပြည်ပကနေ ဝယ်ယူတင်သွင်းနေရတဲ့ စားအုန်းဆီက ပုံမှန်နှစ်တွေမှာ တနှစ်ကို တန်ချိန် ရှစ်သိန်းကျော် ရှိခဲ့ပေမယ့် အစီရင်ခံစာအရ အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း တင်သွင်းမှုက တန်ချိန် ၃ သိန်းနီးပါးသာ ရှိပါတယ်။
စစ်ကောင်စီက သူ့လက်ထက်မှာ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံကို ပြည်တွင်းစားဆီဖူလုံပိုလျှံရုံမက စားသုံးဆီ အဓိကတင်ပို့တဲ့ နိုင်ငံအဖြစ်ပါ ရပ်တည်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ကြွေးကြော်ထားပါတယ်။
ဆီထွက်သီးနှံကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးအနေနဲ့ ဖိတ်ခေါ်ခဲ့သလို ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက်လည်း လုပ်ဆောင်နေပါတယ်။
ပြည်တွင်း စားအုန်းဆီဈေးနှုန်ဟာ ၂၀၂၁ ဖေဖော်ဝါရီလ မတိုင်ခင်က ၁ ပိဿာကို ကျပ် ၂၀၀၀ ကျော်သာရှိခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး အမေရိကန် ဒေါ်လာဈေး မြင့်တက်လာတာနဲ့အတူ ၁ ပိဿာကို ကျပ် ၁၀,၀၀၀ ကျော်ထိ တရိပ်ရိပ် မြင့်တက်ခဲ့ပါတယ်။
ဒါေကြာင့် စားအုန်းဆီကို သတ်မှတ်လက်ကားရည်ညွှန်းစျေးအပေါ်အမြတ် ၁၀ ရာခိုင်နှုန်းထက် ပိုတင်ရောင်းချခြင်းမပြုရလို့ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းက ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းမှာ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာကျပ်ငွေတန်ဖိုး ပြန်တက်ရိပ်ပြလာသလို ဩဂုတ်လအတွင်းက စားသုံးဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အပါအဝင် ဆီလုပ်ငန်းရှင် အချို့ကို စစ်ကောင်စီဘက်က ခေါ်ယူ စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ပြည်တွင်း စားအုန်းဆီဈေး အနည်းငယ် ပြန်ကျဆင်းလာပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ ဘက်က သတ်မှတ်ပေးတဲ့ စားအုန်းဆီလက်ကားရည်ညွှန်းဈေး တပိဿာကို ၄၇၂၅ ဖြစ်ပြီး၊ ပြင်ပ ဈေးကွက် လက်လဈေးကတော့ ကျပ် ၇,၅၀၀ ကနေ ၈,၀၀၀ကြား ရှိနေတယ်လို့ သိရပါတယ်။